နေပြည်တော် ဩဂုတ် ၁၈
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။
ဆွေးနွေး
ချင်းမိုင်မြို့တွင် ရောက်ရှိနေစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၅ ရက် ညနေပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်းခွန်မဆစ်နှင့် သီးခြားတွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် မြန်မာနှင့် လာအိုတို့အကြား အစဉ်အလာအရ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေရေး၊ လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်နှင့် အလုပ်သမားရေးရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေရေးအပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ပါဝင်တက်ရောက်
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၆ ရက်တွင် ပြုလုပ်သည့် “တရုတ် - လာအို - မြန်မာ - ထိုင်း လေးနိုင်ငံအလွတ်သဘောအစည်းအဝေး” သို့ ပါဝင်တက်ရောက်ခဲ့သည်။
ယင်းအလွတ်သဘော အစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ လာအိုဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်းခွန်မဆစ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စစ်အက်စီရီပင်တာရုချီတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အမြင်ချင်းဖလှယ်ကတိပြု
ထို့နောက် တက်ရောက်လာသူများက မြန်မာ-တရုတ်-ထိုင်း-လာအို လေးနိုင်ငံအကြား နယ်စပ်ဒေသတစ်လျှောက်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တရားမဝင်နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု စသည့် တရားမဝင်လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ရေးတို့တွင် လေးနိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အမြင်ချင်းဖလှယ် ကတိပြုခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်၍ အပြုသဘောပူးပေါင်းဆောင်ရွက်မှုများ ပံ့ပိုးဆောင်ရွက်သွားနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အာဆီယံ၏ တူညီဆန္ဒ (၅)ချက်တို့ အပြန်အလှန်လိုက်လျောညီစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့် အလားအလာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်