ရန်ကုန် ဩဂုတ် ၁၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသူများ ကဗျာလွတ်အကလေ့ကျင့်နေမှု၊ Language Lab၊ ဓာတုဗေဒလက်တွေ့ခန်း၊ ရူပဗေဒလက်တွေ့ခန်း၊ ဇီဝဗေဒလက်တွေ့ခန်းများတွင် လက်တွေ့သင်ယူ လေ့ကျင့်နေကြသည့် ကျောင်းသားကျောင်းသူများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ စာသင်ခန်းများနှင့် ကျောင်း စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်ယဉ်ကျေးမှုဖြင့် ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားစေရေးနှင့် လိမ္မာယဉ်ကျေးမှု ရှိစေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိရေး လေ့ကျင့်ပျိုးထောင်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီးကျောင်း Canteen အတွင်းရှိ စားသောက်ဆိုင်များကို ကြည့်ရှုစစ်ဆေးကာ အစားအသောက်များ ကျန်းမာရေး နှင့်ညီညွတ်စေရေး၊ သန့်ရှင်းမှုရှိစေရေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံ၍ အဝေးသင်ပညာရေးသင်တန်းများကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ၄၂ ခုတွင် ဖွင့်လှစ်ပို့ချ သင်ကြားလျက်ရှိပါကြောင်း၊ အဝေးသင်ပညာရေးသင်ကြားသင်ယူမှု၊ စာမေးပွဲစစ်ဆေးမှုများ၌ One campus Two systems စနစ်ကို ကျင့်သုံးလျက်ရှိရာအားသာချက်၊ အားနည်းချက်များ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကျောင်းလခပေးသွင်းခြင်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် အွန်လိုင်း၊ မိုဘိုင်းမှငွေပေးသွင်း သည့်စနစ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင် ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အွန်လိုင်းဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများမှာလည်း စနစ်တကျ စီစဉ်ကြီးကြပ်ဆောင်ရွက်ပါက ထိရောက်အောင်မြင်သဖြင့် အားပေးဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူများ အမှန်တကယ်စာတတ်မြောက်အောင် သင်ကြားပေးရန်လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများက တက္ကသိုလ်တွင်ဖွင့်လှစ်ပို့ချလျက်ရှိသည့် အွန်လိုင်းသင်တန်းများနှင့်စပ်လျဉ်း၍တင်ပြကာ အဝေးသင်ပညာရေး တိုးတက်ရေးကိစ္စရပ်များကို အကြံပြုဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့သည် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်အတူ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း တည်ထောင်သူများ၊ အုပ်ချုပ်သူများနှင့်တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပုဂ္ဂလိကကျောင်းများ တက္ကသိုလ်အဆင့်၊ ကောလိပ်အဆင့်၊ စင်တာအဆင့် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်အဆင့် မှတ်ပုံတင်ခွင့်ရရှိရန်ပညာရပ် (Academic) ပိုင်း၊ လူ့စွမ်းအားအရင်းအမြစ် (Human Resources) နှင့် အခြေခံအဆောက်အအုံ (Infra-structure) ပိုင်း ဆိုင်ရာသတ်မှတ်ချက်များ ပြည့်မီရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းအချို့၏ သင်တန်းကြေးများ မြင့်မားနေမှုကြောင့် သင့်တင့်မျှတ သောနှုန်းထားတစ်ခု သတ်မှတ်ဆောင်ရွက်ရေး အတွက် ညှိနှိုင်းဆွေးနွေးထားရှိပါကြောင်း ပြောကြား သည်။
ယင်းနောက် လူမှုရေးရာဝန်ကြီးက ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များကို ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများမှ တက်ရောက်လာသောကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်