လွိုင်ကော် ဩဂုတ် ၁၇
ကယားပြည်နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ပုံမှန်အတိုင်း အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ပြည်နယ်အတွင်းတက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ဆရာဆရာမဝန်ထမ်းအိမ်ရာများကိုလည်း လိုအပ်သည်များ အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည်များ အမြန်ပြန်လည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအားမှာကြားကာ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီရိမင်္ဂလာ (ယာယီ) ဈေးသို့သွားရောက်၍ ဈေးအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြည်သူများအား သက်သာသော နှုန်းထားဖြင့် စားသုံးဆီရောင်းချပေးနေသည့်အခြေ အနေအားကြည့်ရှုခဲ့ပြီး သတ်မှတ်နှုန်းထားအတိုင်း ရောင်းချနေမှုရှိမရှိနှင့် ဆီသုံးစွဲဝယ်ယူလျက်ရှိသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ သီရိမင်္ဂလာဈေးအတွင်း ပြည်သူများအား လွယ်ကူသက်သာစွာဝယ်ယူသုံးစွဲ နိုင်ရေးအတွက် နေ့စဉ်ဆီပိဿာ ၂၀၀၀ ခန့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဝန်ထမ်းများနေထိုင်ရာနေရာများသို့ မော်တော်ယာဉ်ဖြင့် လိုက်လံဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ထို့နောက် ယာယီဈေးအတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့ပြီး သီရိမင်္ဂလာ ဈေးအသစ်တည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက်၍ ဈေးဆိုင်ခန်းတည်ဆောက်နေမှု၊ အုတ်မြစ်ချလုပ်ငန်း၊ သံထည်လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လုပ်ငန်းများပြီးစီးနိုင်မည့်အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးများပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်-ပွန်ချောင်း-ရှားတောမြို့အဝင် လမ်းမကြီးတစ်လျှောက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဝန်ထမ်းများပြန်လည်နေရာချနိုင်ရေးနှင့် လမ်းမပေါ်ရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား(က)ရပ်ကွက်ရှိ ခရစ်တော် ဘုရင်ဘုရားကျောင်းသို့သွားရောက်၍ ဘုရားကျောင်းဝင်းအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် အကြမ်းဖက်သောင်းကျန်း သူများ၏ အဖျက်အမှောင့်ဆောင်ရွက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်းအဆောက်အအုံများကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး ခရစ်ယာန်ဘာသာဝင်များ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက် ပေးနိုင်သည်များကို အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေးဆောင်ရွက်သွားရန် သက်ဆိုင်ရာတာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)