ပဲခူး ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ထပ်မံတိုးတက်ဝင်ရောက်လာခဲ့ သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၃၁၅ သန်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၂၄၉၀ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) မှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
အခြေခံကောင်းများပိုင်ဆိုင်ထား
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ရင်းနှီးမြှုပ်နှံနိုင်သည့် မြေနေရာများရှိခြင်း၊ လုပ်သားအင်အားပေါကြွယ်ဝခြင်းစသည့် အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီး၌ အလုပ်ရှင် အလုပ်သမားပြဿနာဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်အေးချမ်းစွာဖြင့် စက်ရုံ/ အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်ကြီးကြပ်ရေးနှင့် စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များအနေဖြင့် တည်ဆောက်ဆဲ စက်ရုံ/ အလုပ်ရုံများ၏ တည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ စက်ရုံ/အလုပ်ရုံများ ရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ပြီး လုပ်သားများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများ ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်စေရေးကိုလည်း အထူးအလေးထားဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သလို လုပ်သားအင်အားများများ အလုပ်အကိုင်ရရှိနိုင်သည့် CMP လုပ်ငန်းများကိုလည်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်တစ်ဦးက ပြည်ပရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးခြင်း၊ လည်ပတ်လျက်ရှိသည့် စက်ရုံသုံးခုမှ ကုန်ကြမ်းပစ္စည်း အသစ်တိုးတက်တင်သွင်းခွင့်တောင်းခံခြင်းစသည့် အမှုတွဲဆိုင်ရာအချက်အလက်များကို Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက တင်ပြလာသည့် အမှုတွဲများနှင့်ပတ်သက်၍ အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)