Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား တက်ရောက်

ပုသိမ် ဩဂုတ် ၁၆

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မအူပင်မြို့နယ် တိုးရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်သား တိုင်းရင်းသူများ တက်ရောက်ကြသည်။

ဖားစည် (၉) ချက်တီး၍ ဖွင့်လှစ်ပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က ဖားစည် (၉) ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

အမှာစကားပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ယနေ့ကျင်းပသည့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတွင် ယခုကဲ့သို့ တိုင်းရင်းသားများ စုစုစည်းစည်း ပြန်လည်တွေ့ဆုံရသည်မှာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုသည် ယနေ့ခေတ်အချိန်အခါတွင် ပိုမိုအရေးကြီး လာပါကြောင်း၊ တိုင်းပြည်၏ အချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းရေးကို ထိပါးနိုင်သည့် စိန်ခေါ်မှုများကို တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ဖြတ်ကျော်ကြရမည်ဖြစ်ကြောင်း၊ ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲသည် ကရင်တစ်မျိုးသားလုံး ပိုင်ဆိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပါကြောင်းနှင့် ဘာသာမရွေး၊ ဒေသမရွေးဘဲ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ ချည်ဖြူဖွဲ့ပွဲသည် ကရင် တစ်မျိုးသားလုံးအား ပြန်လည်စုစည်းပေးသည့် အခမ်းအနားဖြစ်ပြီး ယနေ့အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ ကရင်လူမျိုးများ စုစုစည်းစည်း ညီညီညွတ်ညွတ်တွေ့ရှိသည်မှာ ဝမ်းမြောက်ပါကြောင်း၊ တိုင်းပြည် ငြိမ်းချမ်း၊ အေးချမ်းရန်အတွက်လည်း တိုင်းပြည်၌နေထိုင်သည့် တစ်မျိုးသားလုံးအနေဖြင့် တာဝန်ရှိပါကြောင်း အဖွင့်နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များသည် ကရင်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် မအူပင်မြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း ဦးစီးပဓာန နာယကဆရာတော် ဥူးနန္ဒမာလာက အမှာစကားပြောကြားပြီး ချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ) အကြောင်း Dr.နန့်သီတာကျော်က ဖတ်ကြားသည်။

စည်ကားစွာကျင်းပ

ယင်းနောက် ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းလူငယ်များက ချည်ဖြူဖွဲ့ပစ္စည်းများ သယ်ဆောင်ခြင်း၊ ချည်ဖြူဖွဲ့ပေးမည့် ဘိုးဘွားများအား စနစ်တကျ ဖိတ်ခေါ်ခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များအား ဘိုးဘွားများက ကရင်ရိုးရာချည်ဖြူဖွဲ့ ပေးခဲ့ကြပြီး ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် မအူပင်မြို့ မှန်ပင်ပရိယတ္တိစာသင်တိုက်၌ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ တက္ကသိုလ်အသီးသီးမှ ကရင်တိုင်းရင်းသား ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တိုင်းရင်းသားအားလုံးသည် မိမိတို့၏ စာပေယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် အေးအတူပူအမျှ လက်တွဲနေထိုင်ရန်လိုပါကြောင်း တိုက်တွန်းအမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က အားပေးစကားများ ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)