နေပြည်တော် ဩဂုတ် ၁၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း(Corruption Risk Assessment-CRA) နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (Corruption Prevention Unit - CPU) များကို ဌာနစိတ်၊ ဌာနစု၊ ဌာနခွဲအလိုက်ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ အထူးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူသင်တန်းသားများအနေဖြင့် ယခုပို့ချချက်များမှ ရရှိလာသည့် အသိအမြင်ဗဟုသုတများကို မှတ်သားလိုက်နာ၍ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန်နှင့် မိမိမှစ၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဂတိလိုက်စားမှုကို ငြင်းဆန်ရန် တိုက်တွန်းလိုပါကြောင်း၊ အဂတိတရားကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများကို အကျိုးပြုမည့် ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းသို့ အရာထမ်းသင်တန်းသား သင်တန်းသူ ၁၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်