နေပြည်တော် ဩဂုတ် ၁၅
မြောင်းမြအကျဉ်းထောင်တွင် ထောင်အရာရှိနှင့် တန်းစီးများက နိုင်ငံရေးအကျဉ်းသားများအား ဖိနှိပ်နေ ခေါင်းစဉ်ဖြင့် Tachileik New Agency အမည်ခံ Facebook Page ၌ ဩဂုတ် ၁၃ ရက်က သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်စွပ်စွဲ ရေးသားဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြေပြင်စိစစ်ချက်အရ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိကြောင်း။
မြောင်းမြအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသော အကျဉ်းသား အကျဉ်းသူများအား တာဝန်ရှိဝန်ထမ်းများက အကျဉ်းထောင်ဥပဒေ၊ နည်းဥပဒေနှင့်အညီသာ အုပ်ချုပ်လျက်ရှိပြီး ကျသစ်/ချုပ်သစ်များအား အကျဉ်းထောင်စည်းမျဉ်း၊ စည်းကမ်းများနှင့်ဆောင်ရန်၊ ရှောင်ရန်များကို သင်ကြားရာတွင်လည်း ငွေကြေးတောင်းခံခြင်း၊ ရိုက်နှက်ခြင်းများမရှိဘဲ ၎င်းတို့နေထိုင်သော ပတ်ဝန်းကျင်နှင့် အိပ်ဆောင်အတွင်း၊ အပြင် သန့်ရှင်းရေးအလုပ်ကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စေခိုင်းခြင်းသာရှိကြောင်း။
အကျဉ်းထောင်အတွင်း တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းများ အရက်သေစာသောက်စားခြင်းကို ခွင့်မပြုဘဲ အရက်သေစာသောက်စားလာပါက ထောင်တွင်းဝင်ခွင့်မပြုသည့်အပြင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်ပေးခြင်းများပြုလုပ်ပြီး အကျဉ်းသား အကျဉ်းသူများအားအကြောင်း အမျိုးမျိုးပြ ငွေကြေးကောက်ခံခြင်း၊ မတရားညှဉ်းပန်း နှိပ်စက်ခြင်းများ မရှိစေရန် အကျဉ်းထောင်အုပ်ချုပ်သူ အရာရှိအဆင့်ဆင့်က ရုံးအမိန့်စာများထုတ်ပြန်၍ ညွှန်ကြားကြပ်မတ်ထားကာ အကျဉ်းထောင်အတွင်း ဆောင်ရွက်ရသည့်လုပ်ငန်းများအတွက် အကျဉ်းသား အကျဉ်းသူများထံမှ ငွေကြေးကောက်ခံခြင်းမရှိဘဲ ဌာနရန်ပုံငွေဖြင့်သာဆောင်ရွက်ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများထံမှ သိရသည်။
သို့ဖြစ်ရာ Tachileik New Agency အမည်ခံ Facebook Page က ဖော်ပြမှုသည် သတင်းအတု၊ သတင်းအမှားသာဖြစ်ပြီး ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ထားခြင်းသာဖြစ်သည်။
ကိုဖြိုး