Skip to main content

“ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ (၂၀၂၄) ခုနှစ်” ဗဟိုအဆင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၁၅

၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာနရုံး အမှတ် (၄) Meeting Hall ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယခုနှစ် ‘ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်’ ၏ဆောင်ပုဒ်မှာ “Closing the Gap; Breastfeeding Support for All” ဖြစ်ပြီး ‘မိခင်နို့ချိုတိုက်ကျွေးဖို့ အားလုံးကူညီပံ့ပိုးစို့’ ဟု မြန်မာလိုဘာသာပြန်ဆိုထားပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများကို ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်များတွင် အထိမ်းအမှတ်အခမ်းအနားများ၊ လှုပ်ရှားမှုများအဖြစ် ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွင်း အာဟာရပြည့်ဝကျန်းမာအောင် စီမံစားသုံးတတ်စေသည့် အသိပညာ၊ အမူအကျင့်ကောင်းများ ပိုမိုကျယ်ပြန့်စွာ သိရှိလာစေမည်ဖြစ်ကြောင်း၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့်အာဟာရအခြေအနေ ပိုမိုကောင်းမွန်မြင့်မားလာစေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့်လူမှုရေး ဦးတည်ချက်များနှင့်အညီ တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေး၊ တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေးစသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက်(၂၀၂၄)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုဗီဒီယိုပြသခြင်း၊ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ကြပြီး တက်ရောက်လာသူများနှင့်အတူ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လှည်ကြည့်ရှုခြင်း၊ မူကြိုကလေးငယ်များအား အင်အားပြည့်ဗီတာမင် အေဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားဆေး၊ ဗီတာမင်ဘီဝမ်းအားဆေးများ ပေးအပ်ခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်