နေပြည်တော် ဩဂုတ် ၁၅
၂၀၂၄ ခုနှစ် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြီး တင်ဒါအမှတ်(၅)နှင့် တင်ဒါအမှတ်(၆)တို့မှ ပုလဲအတွဲပေါင်း ၂၄၀ နှင့် တင်ဒါမအောင်မြင်ခဲ့သည့် ပုလဲအတွဲများကို တင်ဒါဖွင့်ဖောက်ရောင်းချခဲ့ကာ မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
နံနက်ပိုင်းမှစ၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ရောင်းချရန် ခင်းကျင်းပြသထားသော ကျန်ရှိနေသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြကာ တင်ဒါအမှတ်(၅)ဖြစ်သည့် ပုလဲအတွဲအမှတ်(၄၆၁)မှ အတွဲအမှတ် (၅၈၀)အထိနှင့် တင်ဒါအမှတ်(၆)ဖြစ်သည့် ပုလဲအတွဲအမှတ်(၅၈၁)တွဲမှ ပုလဲအတွဲအမှတ်(၇၀၀)အထိ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ညနေပိုင်းတွင် ၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင် ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက် စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲများ ရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
ထို့နောက် တင်ဒါအမှတ်(၅)နှင့် တင်ဒါအမှတ်(၆)တို့မှ ပုလဲအတွဲ ပေါင်း(၂၄၀)အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း(၁၉၆)တွဲ ရောင်းချရကြောင်းကြေညာပြီး ယခင်နေ့များက တင်ဒါအမှတ်(၁)မှ တင်ဒါအမှတ်(၅)အထိ တင်ဒါမအောင်မြင်ခဲ့သည့် ပုလဲတွဲများကို တင်ဒါပြန်လည်ခေါ်ယူခဲ့ရာ ပုလဲအတွဲ(၁၄)တွဲ တင်ဒါအောင်မြင်ခဲ့၍ ယနေ့တွင် ပုလဲအတွဲပေါင်း(၂၁၀)ကို ရောင်းချနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပုလဲရောင်းချပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၂၃၀)အနက် ပုလဲအတွဲ(၁၇၇)တွဲကို လည်းကောင်း၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း (၂၃၀)အနက် ပုလဲအတွဲ(၁၈၄)တွဲကို လည်းကောင်း၊ စတုတ္ထနေ့တွင် ပုလဲအတွဲပေါင်း(၂၄၀)အနက် ပုလဲအတွဲ(၁၉၆)တွဲနှင့် ထပ်မံရောင်းချရသည့် ပုလဲအတွဲ(၁၄)တွဲ စုစုပေါင်းအတွဲ(၂၁၀)တို့ကို ၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲဗဟိုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အောင်မြင်စွာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်