နေပြည်တော် ဩဂုတ် ၁၅
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံးအမှတ်(၁၆) အစည်းအဝေး ခန်းမ၌ကျင်းပရာ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားချက်အရ ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် လေးလအတွက်သွင်းအားစုများ တင်သွင်းသည့်ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိရေး ထောက်ခံပေးထားရာ မြေဩဇာတန်ချိန် ၉၅၃၁၇၉ ဒသမ ၆၄ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၃၁၇၄ ဒသမ ၅၄ တန် ရှိပြီဖြစ်ပါကြောင်း၊ ကုမ္ပဏီ များ၏တင်ပြချက်အရ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက် အထိ ဓာတ်မြေဩဇာအတွက် လိုင်စင်ရပြီးတန်ချိန် ၆ ဒသမ ၁ သိန်းအနက် တင်သွင်းပြီးတန်ချိန် ၄ ဒသမ ၃၄ သိန်းကျော်ရှိကြောင်း၊ တင်သွင်းရန်ကျန် လိုင်စင်ရထားသည့် အသင်းဝင်ကုမ္ပဏီများမှ အချိန်မီတင်သွင်းနိုင်ရေး စိစစ်ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယခင်လ ဦးဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရပို့ကုန်ရငွေ Export Earning အထောက်အထားပြနိုင်သည့်ကုမ္ပဏီများ သွင်းကုန်လိုင်စင်ရရှိရေးနှင့်အသင်းမှ တင်ပြချက်ဖြစ်သော တင်သွင်းမှုလျော့နည်းလာပါက ဓာတ်မြေဩဇာများ လိုအပ်ချက်ရှိလာပြီး တရားမဝင်ဈေးကွက်များ ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့်အတွက် လစဉ်လိုအပ်ချက်အတိုင်း တင်သွင်းနိုင်ခြင်းမရှိပါက ပို့ကုန်ရငွေဖြင့် ဆောင်ရွက်နိုင်သည့်ကုမ္ပဏီများကို ဦးစားပေးထောက်ခံသင့်ကြောင်း အကြံပြုတင်ပြထား၍ ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ထုတ်ပြန်ပြီးသော ရည်ညွှန်းဈေးနှုန်းများမှာ ယခုဩဂုတ် ၁၅ ရက်တွင် သတ်မှတ်ကာလပြည့်ပြီဖြစ်သည့်အတွက် ဈေးနှုန်းထပ်မံသတ်မှတ်နိုင်ရေး ဆွေးနွေးပေးကြစေလိုကြောင်း၊ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုများကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မြို့နယ်များအား ရေကျသည့်အခါ ပြန်လည်စိုက်ပျိုးနိုင်ရေး မြေဩဇာ အသင်းဝင်ကုမ္ပဏီများက လိုအပ်သည့်ဓာတ်မြေဩဇာကို သက်သာသောဈေးနှုန်းဖြင့် ပံ့ပိုးပေးမည် ဖြစ်ပြီး ယူရီးယားတစ်အိတ်ကိုငွေကျပ် ၇၃၀၀၀ နှုန်း ဖြင့် ၁၅ ပတ်လည် ကွန်ပေါင်းတစ်အိတ်ကို ငွေကျပ် ၁၁၅၀၀၀ နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ သုံးလအတွက် ကုမ္ပဏီအလိုက်တင်သွင်းမည့် မြေဩဇာ/ ပိုးသတ်ဆေးတန်ချိန်များ အတည်ပြု မှတ်တမ်းတင်ရန်နှင့် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက အသင်းဝင်ကုမ္ပဏီများ၏ ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်နေမှု၊ ဖြန့်ဖြူးရောင်းချမှုများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အခြေစိုက် ရော့စ်ကွန်ကရက်ဖောင်ဒေးရှင်း “Fund RC-Investment” ၏ အရှေ့တောင်အာရှ အထူးကိုယ်စားလှယ် Mr. Artemii Alimov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံရာ အဆိုပါအဖွဲ့မှ မြန်မာနိုင်ငံအတွက် ရုရှားနည်းပညာဖြင့် ထုတ်လုပ်ထားသည့် သဘာဝရွက်ဖျန်း အားဆေးရည်များဖြစ်သော Humte Plus ၈၄ လီတာ၊ Profi Nitro ၈၄ လီတာနှင့် Florata ၁၂၅ လီတာတို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။ အဆိုပါသဘာဝရွက်ဖျန်း အားဆေးရည်များကို ဆောင်းဆီထွက်သီးနှံနေကြာ၊ စက်မှုကုန်ကြမ်းသီးနှံ ဝါနှင့်နွေစပါးစိုက်ပျိုးရာတွင် စမ်းသပ်အသုံးပြု စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်