နေပြည်တော် ဩဂုတ် ၁၅
ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလူမွန်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အရေးကြီးသောဥပဒေဖြစ်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ကိုရေးဆွဲပြုစုပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသို့ သဘောထားမှတ်ချက်များ တောင်းခံခဲ့ကြောင်း၊ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အချောသတ်ပြင်ဆင်ရေးဆွဲခဲ့ကြောင်း၊ ဥပဒေ(မူကြမ်း)အား ဆိုက်ဘာအရင်းအမြစ်၊ အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံများနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ဆိုက်ဘာ အလွဲအသုံးပြုခြင်းတို့ကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆိုက်ဘာမှုခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ ပြဋ္ဌာန်းလိုခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)သည် မူဝါဒနှင့်သက်ဆိုင်သည့် အရေးကြီးသော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)အား ပြဋ္ဌာန်းနိုင်ရေးအပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်