Skip to main content

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ အမှုဆောင်ကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၁၄

လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ အမှုဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ၊ အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ အထူးဧည့်သည်တော် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦးနှင့် အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် အမှုဆောင်ကော်မတီအဖွဲ့ဝင်များက ပတ္တမြားခန်းမမှလည်းကောင်း၊ အမှုဆောင်ကော်မတီအဖွဲ့ဝင်နှစ်ဦးက အွန်လိုင်းဖြင့်လည်းကောင်း တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ စနစ်တကျထိရောက်စွာဆောင်ရွက်နိုင်စေရန်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုအစည်းအဝေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေပုဒ်မများဆိုင်ရာဆွေးနွေးမှုများအပြင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများလိုက်နာရမည့်ကျင့်ဝတ်နှင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးဆိုင်ရာ တည်မြဲစံပြုလုပ်ထုံးလုပ်နည်း ရေးဆွဲဆောင်ရွက်မှုကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ အမှုဆောင်ကော်မတီဝင်များအနေဖြင့် ယနေ့ဆွေးနွေးမည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းလုပ်ငန်းစဉ်များကို လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်သိက္ခာစောင့်ထိန်းသော လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ပေါ်ထွက်လာရေးတို့အတွက် မိမိတို့၏အတွေ့အကြုံ၊ ဗဟုသုတများ၊ အပြုသဘောဆောင်သည့်အကြံပြုချက်များဖြင့် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အစည်းအဝေးဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်