Skip to main content

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၄

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များ၌တွေ့ဆုံကာ အကျဉ်းသားတစ်ဦး ၏အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန်ဆောင်ရွက်ပေးနေမှု၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်း‌ရှင်းရေးဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ အခြေအနေနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားများကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့သည်။

ယင်းနောက် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ သန့်ရှင်းသောသောက်ရေရရှိမှုအခြေအနေ၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများသန့်ရှင်းမှု ရှိ မရှိ စသည်တို့ကိုကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့သည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်