Skip to main content

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စနစ်တကျအသုံးပြုပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အလေးထားစိစစ်ဆောင်ရွက်ပေး

နေပြည်တော် ဩဂုတ် ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စနစ်တကျအသုံးပြုပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အလေးထားစိစစ်၍ အသုံးပြုခွင့်၊ လုပ်ကိုင်ခွင့်များကို ခွင့်ပြုချထားခြင်း၊ စိစစ်ထောက်ခံတင်ပြပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြေလွတ်၊ မြေလပ်နှင့်‌ မြေရိုင်းများအား အသုံးချခြင်းနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်များကို ဒေသတွင်းအကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှု၍ အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး၊ နေပြည်တော်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ နံတော်စဉ် ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တကုသလမထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုကာ ဝါတွင်းကာလ ဝါဆို၊ ဝါကပ်ကြမည့် သံဃာတော်များအတွက် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်