နေပြည်တော် ဩဂုတ် ၁၄
၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲတတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
ယနေ့နံနက်ပိုင်းမှစ၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
ထို့နောက် တင်ဒါအမှတ်(၃)ဖြစ်သည့် ပုလဲအတွဲအမှတ်(၂၃၁)မှ အတွဲအမှတ်(၃၄၅)တွဲအထိနှင့် တင်ဒါအမှတ်(၄)ဖြစ်သည့် ပုလဲအတွဲအမှတ် (၃၄၆)တွဲမှ ပုလဲအတွဲအမှတ်(၄၆၀)အထိကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြကာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းသူနှင့်တာဝန်ရှိသူတို့သည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲများရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယင်းနောက် တင်ဒါအမှတ်(၃)နှင့် တင်ဒါအမှတ်(၄)တို့မှ ပုလဲအတွဲပေါင်း(၂၃၀) တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၈၄)တွဲ ရောင်းချရကြောင်း ကြေညာသည်။
ပုလဲရောင်းချပွဲ စတုတ္ထနေ့တွင် တင်ဒါအမှတ်(၅)ဖြစ်သည့် ပုလဲအတွဲအမှတ်(၄၆၁)မှ အတွဲအမှတ် (၅၈၀)အထိ ပုလဲအတွဲပေါင်း (၁၂၀)တွဲနှင့် တင်ဒါအမှတ်(၆)ဖြစ်သည့် ပုလဲအတွဲအမှတ်(၅၈၁)မှ အတွဲအမှတ်(၇၀၀)အထိ ပုလဲအတွဲပေါင်း(၁၂၀)တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။
မြန်မာ့ပုလဲရောင်းချပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ မြန်မာ့ကျောက်မျက်ရတနာပြပွဲများနှင့်အတူပူးပေါင်း၍လည်းကောင်း၊ မြန်မာ့ပုလဲသီးသန့်ဖြင့်လည်းကောင်း အောင်မြင်စွာကျင်းပပေးခဲ့ရာ ယခုကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်