Skip to main content

အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်စက်မှုဇုန်နှင့် ပျဉ်းမပင်စက်မှုဇုန်တို့တွင် ဩဂုတ် ၁၂ ရက်က အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကို Musung Garment Co.,Ltd (အထည်ချုပ်စက်ရုံ) နှင့် စိမ်းလန်းသောနယ်မြေသစ် (အထည်ချုပ်စက်ရုံ) တို့မှ အလုပ်သမားများအား အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ညွှန်ကြားရေးမှူးချုပ်က အသိပညာပေးဆွေးနွေး ဟောပြောရာတွင် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကို ကောင်းစွာသိရှိနားလည်ပါက အငြင်းပွားမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်အနေဖြင့်လည်း ဥပဒေပါခံစားခွင့်များ အပြည့်အဝပေးရန် လိုအပ်ပါကြောင်း၊ အလုပ်သမားအငြင်းပွားမှုများ ဖြစ်ပွားလာပါက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှသာ အေးချမ်းသာယာသော လုပ်ငန်းခွင်ဖြစ်စေမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်အေးချမ်း သာယာမှသာ ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်စွမ်းအားတိုးတက်မှသာ အလုပ်သမားများ၏ လူမှုဘဝတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အငြင်းပွားမှုများ ဖြစ်ပွားလာပါက စက်ရုံတွင်း၌ ပြေလည်မှုရရှိအောင် WCC တွင် ကနဦးဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ WCC တွင် ပြေလည်မှုမရရှိပါက ဝန်ကြီးဌာနအောက်ရှိ အလုပ်သမားရေးရာဌာနများသို့ တိုင်ကြားနိုင်ပြီး ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အလုပ်သမားဥပဒေများပါ အလုပ်ရှင်၊ အလုပ်သမားများ သိရှိဆောင်ရွက်သင့်သည့် အချက်များကို သိရှိနိုင်ရေး ယခုလို တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီး ဦးစီးမှူးများက အလုပ်သမားဥပဒေပါ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အလုပ်သမားများက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ခံအရာရှိများက ပြန်လည်ဖြေကြားခဲ့ပြီး အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် အဆိုပါ စက်ရုံများရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်