မမြတ်သီရိကျော်
၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများသည် နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြရာ ကျောင်းသား ကျောင်းသူများ၏ ၀မ်းသားပျော်ရွှင်ဖွယ်ရာ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
ဒေါက်တာကျော်ဆန်းဝင်း
ဒုတိယညွှန်ကြားရေးမှူးချုပ်
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
အခုခရီးစဉ်မှာ ကျွန်တော်တို့ ဆရာဝန်ကြီးတစ်ဦးအပါအဝင် အုပ်ချုပ်သူစုစုပေါင်း ၁၀ ဦးဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေကတော့ ဘာသာရပ်အလိုက် ထူးချွန် Top Ten ဝင် ၃၀ ဖြစ် ပါတယ်။ ဒီလိုခရီးစဉ်မျိုးတွေပို့ပေးတာ အများကြီးဂုဏ်ယူပါတယ်၊ ဝမ်းလည်းသာပါတယ်။ ကလေးတွေအတွက် ပိုဂုဏ်ယူတာပေါ့။ တချို့ဆိုရင်ဘဝမှာ တစ်ခါမှမစဉ်းစားဘူးတဲ့နေရာတွေ ရောက်ရတယ်။ တည်းရခိုရတယ်၊ စားရသောက်ရတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့လုပ်ချင်ကိုင်ချင် စိတ်တွေရှိလာတာပေါ့။ ကျွန်တော်ကလည်း ဒီလိုခရီးစဉ်တွေကို အမြဲတမ်းနှစ်စဉ်ဖြစ်စေချင်ပါတယ်။ တခြားနိုင်ငံကလူတွေ ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်ထားလဲဆိုတာ မြင်တဲ့အတွက်ကြောင့် ငါတို့ဘာကြိုးစားရမလဲ၊ ငါတို့ဘက်က ဘာတွေလိုသေးလဲ၊ ငါတို့ဘက်က ဘာတွေအားသာလဲ နှိုင်းယှဉ်ကြည့်လိုရတယ်။ တက္ကသိုလ်တွေလည်း သွားလည်တဲ့အတွက်ကြောင့် တခြားတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေသူတို့လိုမျိုး မြန်မာကျောင်းသား ကျောင်းသူတွေကိုလည်း တွေ့ခဲ့တဲ့အတွက် သူတို့အားကျမှုရှိတယ်။ အခုလိုနိုင်ငံတော်အစိုးရအနေနဲ့ ထူးချွန်ကျောင်းသားတွေကို ပြည်ပခရီးစဉ်လေ့လာရေး ခရီးတွေအခမဲ့ပို့ဆောင်ပေးနေတဲ့အတွက် ၂၀၂၄-၂၀၂၅ Grade 12 ဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေအနေနဲ့ အခုလိုပဲထူးချွန်တဲ့ ကလေးတွေဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
မမြတ်သီရိကျော်
အထက(၂)လသာ
၂၀၂၃ - ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ခြောက်ဘာသာဂုဏ်ထူးနဲ့ မြန်မာတစ်နိုင်ငံလုံး အဆင့် (၆)၊ ရန်ကုန်တိုင်းဒေသ ကြီးမှာ Top 5 ၊ ကျွန်မရဲ့ အမှတ်ပေါင်းကတော့ ၅၄၉ မှတ် ဖြစ်ပါတယ်။ နိုင်ငံတော်ကပို့တဲ့ခရီးစဉ် ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ လည်ပတ်ခွင့်ရတဲ့အတွက် မတူညီတဲ့အတွေ့အကြုံတွေ၊ နိုင်ငံနှစ်နိုင်ငံအကြားက ကွာခြားမှုတွေ ဗဟုသုတများစွာကို တွေ့ကြုံခံစား ခွင့်ရရှိခဲ့ပါတယ်။ ပြည်ပကို ခရီးထွက်တဲ့အခါမှာ လေဆိပ်မှာဘယ်လိုမျိုး ရှောင်ရန်ဆောင်ရန်တွေ၊ ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာတွေကို သင်ကြားပေးခဲ့ပါတယ်။ အခုလို မျိုးသွားခွင့်ရတဲ့အတွက်ကြောင့် အတိုင်းမသိလည်း ဂုဏ်ယူမိသလို အခုလိုမျိုးသွားခွင့်ရဖို့အတွက် အခွင့်ရေးကိုပေးခဲ့တဲ့ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ၂၀၂၄ - ၂၀၂၅ ခုနှစ် Grade 12 ဖြေဆိုကြမယ့် ညီငယ် ညီမငယ်တွေလည်း အမှတ်ဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်ရနိုင်ပါတယ်။ အခုကိုယ်ကြိုးစားသလောက် Top 10 တွေဝင်ခဲ့ကြတယ်။ အဲဒီအတွက်ကြောင့်လည်း နိုင်ငံတော်အစိုးရက ထိုက်တန်တဲ့ဆုကြေးငွေတွေရော၊ ထိုက်တန်တဲ့ ဆုတွေရောပေးအပ်ခဲ့တယ်။ အခု Top 10 ဝင်တဲ့ ဝိဇ္ဇာ၊ သိပ္ပံ၊ ဝိပ္ပံ အတွဲသုံးတွဲက ထူးချွန်ကျောင်းသား အယောက် ၃၀ ကိုလည်း ပြည်တွင်း ပြည်ပခရီးစဉ်တွေ လည်ပတ်ခွင့်ပေးခဲ့တယ်။ အခုလို အခွင့်အရေးမျိုးကို ရယူချင်တယ်ဆိုရင် ဆက်လက်ကြိုးစားကြပါ၊ လက်မလျှော့ပါနဲ့လို့ ပြောချင် ပါတယ်။
မောင်အောင်ကိုမင်း
ကချင်ပြည်နယ်၊ ဗန်းမော်မြို့
အထက(၅)
ကျွန်တော်က မောင်အောင်ကို မင်းဖြစ်ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်မြို့ အထက (၅) က ဝိပ္ပံတွဲ မြန်မာတစ်နိုင်ငံလုံး အဆင့် (၆)၊ အမှတ်ပေါင်းကတော့ ၅၁၅ ဖြစ်ပါတယ်။ အခုလိုခရီးစဉ်က ကျွန်တော့်ရဲ့ဘဝအတွက် တန်ဖိုးဖြတ်မရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေ ဘယ်လိုမျိုးတိုးတက်နေပြီ ကျွန်တော်တို့နိုင်ငံနဲ့ ဘယ်လိုကွာခြားနေတယ်ဆိုတာ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံကိုလည်း ပိုပြီးတိုးတက်စေချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တစ်ခုနဲ့ စင်ကာပူနိုင်ငံတက္ကသိုလ်တို့မှာ လေ့လာခွင့်ရတဲ့အတွက် ကျွန်တော်တို့နောက်ထပ် လျှောက်လှမ်းရမယ့် ပညာရေးအတွက်ကိုလည်း အများကြီးအထောက်အကူ ပြုပါတယ်။ ၂၀၂၄-၂၀၂၅ ခုနှစ် Grade 12 ဖြေဆိုကြမယ့် ညီငယ်ညီမငယ်တွေလည်း Grade 12 ဆိုတာ သိပ်ခက်ခဲတဲ့ အရာမဟုတ်ပါဘူး၊ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်ရနိုင်တာမို့ သေသေချာချာ ကြိုးစားပြင်ဆင်ပြီး အခုလိုအောင်မြင်မှုတွေ ရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အခုလို ပို့ဆောင်ပေးတဲ့အတွက် နိုင်ငံတော်က တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
မသက်မြတ်စံ
မန္တလေးတိုင်းဒေသကြီး
ကျွန်မနာမည်က မသက်မြတ်စံပါ။ မြန်မာတစ်နိုင်ငံလုံး အဆင့် (၅) ရရှိခဲ့လို့ ဒီခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ဗဟုသုတအများကြီးရပါတယ်။ သူများနိုင်ငံတွေမှာ ဘယ်လိုတိုးတက်နေပြီလဲ၊ ဘာတွေအတုယူရမလဲ အများကြီးသင်ယူရရှိပါတယ်။ အခု ကျွန်မတို့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၃၀ ကို ဗဟုသုတ အများကြီးရအောင် အခုလို နိုင်ငံခြားခရီးစဉ် ပို့ဆောင်ပေးတဲ့အတွက် နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။
မဝင်းလဲ့တွယ်တာ
စစ်ကိုင်းတိုင်းဒေသကြီး
ကန့်ဘလူခရိုင်
အထက(ကျွန်းလှ)
ကျွန်မက မဝင်းလဲ့တွယ်တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အထက (ကျွန်းလှ) ကနေ ဝိဇ္ဇာဘာသာတွဲ မြန်မာတစ်နိုင်ငံလုံး အဆင့် (၁) ရရှိသူ ဖြစ်ပါတယ်။ အခုပြည်ပ အတွေ့အကြုံကတော့ ပထမဦးဆုံးဖြစ်ပါတယ်။ ပြည်ပကိုသွားခဲ့ရတဲ့အတွက်လည်း အတွေ့အကြုံ အများကြီးရရှိပါတယ်။ ဒေသန္တရဗဟုသုတတွေလည်း ရရှိခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံး အဆင့် (၁) ရရှိဖို့ဆိုရင်တော့ တစ်နှစ်ပတ်လုံး တစိုက်မတ်မတ် အာရုံစူးစိုက်ပြီးတော့ ဇွဲလည်းလုံးဝမလျှော့ပါနဲ့၊ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကိုရအောင် ကြိုးစားသွားမယ်ဆိုရင်ရရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလိုမျိုး သမီးတို့ကို ပြည်ပနိုင်ငံတွေကို လေ့လာရေးခရီးစဉ် သွားရောက်ဖို့အတွက် ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲအားလုံးကို ဒီကနေကျေးဇူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်။
အင်တာဗျူး - ကျော်ကြီး
ဓာတ်ပုံ - မောင်သီ