ရန်ကုန် သြဂုတ် ၁၃
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ကောင်စီဝင်များ အားလုံးပါဝင်သော လပတ်ပုံမှန်အစည်းအဝေး (၄/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က လတ်တလော ဖြစ်ပွားနေသည့် မီဒီယာအခင်းအကျင်းများနှင့်ပတ်သက်ပြီး ကောင်စီ၏ဆောင်ရွက်ချက်များ၊ နိုင်ငံအတွက်အရေးကြီးသည့် အခြေအနေများတွင် ခိုင်မာသေချာသည့် သတင်းမှန်များကို အများပြည်သူထံ အချိန်မီရောက်ရှိနိုင်စေရေး အကြောင်းများအပါအဝင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ စတုတ္ထသက်တမ်းအတွက် လွှဲပြောင်းပေးရာတွင် အဆင်ပြေလွယ်ကူစွာဆောင်ရွက်နိုင်စေရေးတို့ကို ပြောကြားသည်။
ထို့နောက် အလုပ်အမှုဆောင်များက ဆောင်ရွက်ချက်များကို အသေးစိတ်တင်ပြခဲ့ကြပြီး တက်ရောက်လာသည့် ကောင်စီဝင်များက အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ဆက်လက်ဆောင်ရွက်ရမည့် အစည်းအဝေးဆုံးဖြတ်ချက်များကို သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်