နေပြည်တော် ဩဂုတ် ၁၃
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာနေ ဒေါ်သန်းသန်းဆင့် (ခ) မအကြီးမ (၄၉) နှစ်သည် မိသားစုများအလုပ်ကိုယ်စီသွားနေစဉ် နေအိမ်၌တစ်ဦးတည်းကျန်ရှိခဲ့ပြီး မောင်ဖြစ်သူ ကိုမင်းအောင်ကျော် အလုပ်မှနေအိမ်သို့ ည ၆ နာရီခွဲခန့်အချိန် ပြန်လည်ရောက်ရှိစဉ် အစ်မဖြစ်သူ ဒေါ်သန်းသန်းဆင့် (ခ) မအမကြီးမှာ နေအိမ်အိပ်ခန်းအတွင်း ကုတင်ဘေးတွင် ဒဏ်ရာများဖြင့်သေဆုံးနေပြီး နေအိမ်ဘီရိုနှစ်လုံးအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သားနှင့် ငွေကျပ်သိန်း ၃၀၀၊ လက်ကိုင်ဖုန်း ၃ လုံး၊ မြေအရောင်းအဝယ်စာချုပ် ၁ စောင်၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၉၈၇ သိန်းခန့်ပျောက်ဆုံးလျက်ရှိကြောင်း တွေ့ရှိရသဖြင့် သန်လျင်မြို့မရဲစခန်း (ပ)၂၉၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။
အထက်ပါဖြစ်စဉ်မှ တရားခံများဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ နေအိမ်အတွင်းဝင်ရောက်ကာ သတ်ဖြတ်လုယက်မှုအား ပူးပေါင်းကျူးလွန်သူ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာ (အရှေ့ပိုင်း)၊ ရွှေနှင်းဆီလမ်းနေသူများဖြစ်ကြသည့် အောင်အောင်ဦး (ခ) မှဲ့ကြီး (၂၃) နှစ် (ဘ) ဦးနိုင်လင်း၊ သန်းဇော်ထွေး (ခ) မိုးဒီ (၂၁) နှစ် (ဘ) ဦးနိုင်လင်း၊ အောင်ခန့်ဇော် (ခ) ဖားကြီး (၂၄) နှစ် (ဘ) ဦးအောင်မြင့်နှင့် ဟိန်းကိုကို (ခ) ဟိန်းကို (ခ) ကပ္ပလီ (၂၆) နှစ် (ဘ) ဦးမြင့်နိုင်တို့ ၄ ဦးအား ဩဂုတ်လ ၉ ရက်နေ့တွင် ၎င်းတို့၏နေအိမ်အသီးသီး၌ သတ်ဖြတ်လုယက်မှုကျူးလွန်ရာမှရရှိခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အောင်အောင်ဦး (ခ) မှဲ့ကြီးသည် သေဆုံးသူ ဒေါ်သန်းသန်းဆင့် (ခ) မအကြီးမအား အကြွေးများမပေးဆပ်လိုခြင်းနှင့် လောင်းကစားပြုလုပ်ရာမှ ငွေကြေးလိုအပ်မှုများရှိနေသောကြောင့် ဒေါ်သန်းသန်းဆင့် (ခ) မအကြီးမ၏နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်လုယက်ရန် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူတရားခံများနှင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ကြိုတင်တိုင်ပင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း။
အခင်းဖြစ်နေ့တွင် အောင်အောင်ဦး (ခ) မှဲ့ကြီးနှင့် အောင်ခန့်ဇော် (ခ) ဖားကြီးတို့နှစ်ဦးသည် ဒေါ်သန်းသန်းဆင့် (ခ) မအကြီးမ၏နေအိမ်အတွင်းသို့ဝင်ရောက်ကာ ဒေါ်သန်းသန်းဆင့်အား အောင်ခန့်ဇော် (ခ) ဖားကြီးမှ ချုပ်နှောင်ပေးပြီး အောင်အောင်ဦး (ခ) မှဲ့ကြီးမှ လည်ပင်းညှစ်၍ သတ်ဖြတ်ကာ နေအိမ်ဘီရိုနှစ်လုံးအတွင်းမှ စုစုပေါင်းငွေကျပ် ၉၈၇ သိန်းတန်ဘိုးရှိ ရွှေထည်ပစ္စည်း များ၊ လက်ကိုင်ဖုန်းများ၊ ငွေများနှင့်မြေအရောင်းအဝယ်စာချုပ် ၁ စောင်တို့အား လုယက်ယူဆောင်ခဲ့ကြကြောင်း။
လုယက်ပြီးနောက် နေအိမ်အနီးတွင် အခြေအနေစောင့်ကြည့်ပေးနေသူ ဟိန်းကိုကို (ခ) ဟိန်းကို (ခ) ကပ္ပလီအားခေါ်ဆောင်ကာ အောင်သပြေလမ်း၊ ချောင်းကူးတံတားအနီးတွင် အသင့်စောင့်ဆိုင်းနေသည့် သန်းဇော်ထွေး (ခ) မိုးဒီမောင်းနှင်သော BGO-11 5N/6631 BONGO အမျိုးအစား မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် နေအိမ်အတွင်းဝင်ရောက်ကာ လူသတ်လုယက်မှုကျူးလွန်ခဲ့သူ အောင်အောင်ဦး (ခ) မှဲ့ကြီးပါ တရားခံ ၄ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း၍ ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများနှင့်ပူးပေါင်းကာ အခင်းဖြစ်ပွားပြီးချိန်မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။