ရန်ကုန် ဩဂုတ် ၁၂
နိုင်ငံကူး လက်မှတ်ကိစ္စ၊ ကောင်စစ်ဝန်ဆောင်မှုကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများကို လိမ်လည်နေသူများ၊ Facebook/ Tik Tok အကောင့်ပိုင်ရှင်များကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း အဆိုပါသံရုံးက ထုတ်ပြန်ထားသည်။
မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးစာများ၊ နိုင်ငံကူးလက်မှတ် အသစ်/ပျောက်ဆုံး လျှောက်သူများ ခွင့်ပြုချက်စာရင်းနှင့် C of I ကိစ္စရပ်များကို မြန်မာနိုင်ငံသားများသိရှိစေရန် သံရုံး၏ Facebook Page “Myanmar Embassy in Kuala Lumpur, Malaysia” နှင့် Website: https://myanmar-embassykl.org တို့တွင် ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကို လိမ်လည်အမြတ်ထုတ်လိုသူများက Facebook/ Tik Tok များတွင် နိုင်ငံကူးလက်မှတ်ကိစ္စရပ်များနှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် အထောက်အထားများအဖြစ် တင်ပြရသည့် စာရွက်စာတမ်းများ(မှတ်ပုံတင်/ အိမ်ထောင်စုစာရင်း/ထောက်ခံစာ အစရှိသည်များ) မမှန်မကန်ပြုလုပ်ပေးသည့် ရေးသား/ပြောကြားချက်များကို ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများ ဆောင်ရွက်လိုသည့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များကို သတ်မှတ်ထားသည့် စာရွက်စာတမ်းများနှင့်အတူ မှန်ကန်စွာ ဆောင်ရွက်ကြပါရန်နှင့် မမှန်ကန်သည့် စာရွက်စာတမ်းများဖြင့် ပြုလုပ်တင်ပြခြင်းသည် ဥပဒေနှင့် ငြိစွန်းမှုရှိနေသည့်အပြင် လက်ခံဆောင်ရွက်ပေးနိုင်ခြင်း မရှိခြင်းကြောင့် ယင်းသို့ တင်ပြပါက နိုင်ငံသားများ အလုပ်ပျက်၊ အချိန်နှင့် ငွေကုန်နစ်နာမှုများရှိနိုင်သဖြင့် မိမိ၏စာရွက်စာတမ်းအခက်အခဲနှင့် ပတ်သက်၍ မြန်မာသံရုံးရှိ သက်ဆိုင်ရာ ကောင်တာများတွင် တင်ပြအကြံပြုချက်များ တောင်းခံ၍ ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးထားသည်။ မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖြားနေသည့် ပုဂ္ဂိုလ်များ၊ Facebook/Tik Tok အကောင့်ပိုင်ရှိင်များကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မလေးရှားအစိုးရက နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် နိုင်ငံခြားသားများ ပပျောက်စေရေးရည်ရွယ်လျက် စီမံချက်များချမှတ်ပြီး Operasi စစ်ဆေးမှုများကို နိုင်ငံတစ်ဝန်းအရှိန်မြှင့်လုပ်ဆောင်နေပါသဖြင့် မလေးရှားနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ယခုကာလအတွင်း အသွားအလာများ ဂရုပြုကြပါရန်နှင့် မဖြစ်မနေခရီးသွားလာရန်ရှိပါက နိုင်ငံကူးလက်မှတ်နှင့် လိုအပ်သည့် စာရွက်စာတမ်းများကိုလည်း Operasi စစ်ဆေးမှုများရှိသည့်အခါတွင် တင်ပြနိုင်ရန်အတွက် ကိုယ်နှင့်မကွာဆောင်ထားကြရန်လည်း သံရုံးကအသိပေးထားသည်။
Htet Oo Maung