Skip to main content

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရှေးဟောင်းသမိုင်းဝင်သိမ်ကျောင်းများအား သွားရောက်ကြည့်ရှု

မန္တလေး ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်သိမ်ကျောင်းများအား သွားရောက်ကြည့်ရှုသည်။

လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ရှိ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးသို့ ရောက်ရှိပြီး မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး၏ ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထုတိဝရဆရာတော်ကြီးအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရွှေကျင်တိုက်မအတွင်း ၁၂၂၂ ခုနှစ် ပထမရွှေကျင် ဆရာတော်ကြီး သမုတ်တော်မူခဲ့၍ ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းတရားကြီး ဆောက်လုပ်လှူဒါန်းခဲ့သော မဟာဓမ္မိကာရာမရွှေကျင်တိုက်မသိမ်တော်ကြီးအား ရှေးမူမပျက်ပြန်လည်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဩဝါဒများခံယူခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မသိမ်တော်ကြီးသို့ သွားရောက်ပြီး သိမ်တော်ကြီးတွင် ကိန်းဝပ်အပူဇော်ခံထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ရောင်ခြည်တော်ဖွင့် ပူဇော်၍ ရှေးမူမပျက်ပြန်လည်မွမ်းမံပြင်ဆင်နေမှုများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန္တလေးတက္ကသိုလ်ပရဝဏ်အတွင်းရှိ နှစ်ပေါင်း ၁၆၅ နှစ်ကျော် ရှိပြီဖြစ်သော စီးတော်မြင်းဝန်သိမ်ကျောင်းနှင့် ဗန်းမော်သိမ်ကျောင်းများသို့ ရောက်ရှိပြီး သိမ်ကျောင်းများအတွင်း ကိန်းဝပ်အပူဇော်ခံထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညို၍ ရောင်ခြည်တော်ဖွင့်ပူဇော်ပြီး သိမ်ကျောင်းများအတွင်း လှည့်လည်ကြည့်ရှုကြရာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်၊ သမိုင်းပါမောက္ခ (ဌာနမှူး)နှင့် တာဝန်ရှိသူများက မင်းတုန်းမင်းတရားကြီးသည် အမရပူရရွှေမြို့တော်မှ မန္တလေးရွှေမြို့တော်သို့ ပြောင်းရွှေ့ရာတွင် ဆီးဘန်နီကျောင်းတိုက်၊ စီးတော်မြင်းဝန်ကျောင်းတိုက်နှင့် ဗန်းမော်ကျောင်းတိုက်တို့ကို ၁၈၅၇ ခုနှစ်က ပြောင်းရွှေ့ဆောက်လုပ် လှူဒါန်းခဲ့ခြင်းနှင့်အတူ သိမ်းကျောင်းကိုတစ်ပြိုင်တည်း သမုတ်တော်မူခဲ့ပါကြောင်း၊ ၁၉၁၈ ခုနှစ် အင်္ဂလိပ်လက်ထက်တွင် မန္တလေးတက္ကသိုလ်ပရဝဏ်အတွင်းမှ ကျောင်းတိုက်များ ရွှေ့ပြောင်းခြင်းခံရသည့်အခါ ဆီးဘန်နီသိမ်မှာ ကျောင်းပြောင်းရွှေ့ကတည်းကပင် တစ်ပါတည်းသိမ်နုတ်သွားခဲ့ပြီး စီးတော်မြင်းဝန်သိမ်နှင့် ဗန်းမော်သိမ်တို့ သိမ်နုတ်သွားခြင်းမပြုဘဲ မူလလက်ရာအတိုင်း ကျန်ရှိခဲ့ပါကြောင်း၊ ဗန်းမော်သိမ်တွင် ဦးနန္ဒိမာအရိုးအိုးဘုရား၊ ဗန်းမော်ဝန်၏ အရိုးအိုးစေတီငယ်နှင့် အရိုးအိုးဘုရားကျောက်စာတို့သာ ကျန်ရှိခဲ့ပါကြောင်းတို့ကို လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သိမ်ကျောင်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရှေးမူမပျက်တည်ရှိရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်