နေပြည်တော် ဩဂုတ် ၁၂
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး(၁) ဒုတိယဝန်ကြီးက သင်တန်းသားအရာရှိများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်အဆင့် နည်းပြသင်တန်းများနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများ ဖွင့်လှစ်ပို့ချရာတွင် သင်တန်းမှ ပို့ချချက်များနှင့် အတွေ့အကြုံများကို မျှဝေ၍အဆင့်ဆင့်ကြီးကြပ် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် တစ်လကျော်သာ လိုတော့သည့်အတွက် ဆင့်ပွားသင်တန်းများနှင့် စီမံချက်ပါလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသည့် အချက်အလက်များ မှန်ကန်မှသာ နိုင်ငံ၏ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မဲစာရင်းပြုစုရာတွင်လည်း အထောက်အကူပြုမည့် တိကျသည့် အချက်အလက်များ ဖြစ်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသားများသည် နည်းပြတာဝန်များကို မိမိတို့၏ အတွေ့အကြုံများနှင့် သင်ခန်းစာပို့ချချက်များပေါင်းစပ်ကာ လုပ်ငန်းများ အောင်မြင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားအရာရှိများကို တိုင်းဒေသကြီး/ပြည်နယ်အဆင့် နည်းပြခန့်အပ်လွှာများကို ပေးအပ်သည်။
အဆိုပါ ဗဟိုအဆင့် နည်းပြသင်တန်းကို ဩဂုတ် ၁ ရက်မှစ၍ သင်တန်းကာလ ၁၀ ရက်ကြာ သင်တန်းသားအရာရှိ ၅၅ ဦးဖြင့် ဖွင့်လှစ်ပို့ချပြီး သင်တန်းနည်းပြအရာရှိများက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆင့်ပွားသင်တန်းများကို စီမံချက်အတိုင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်