နေပြည်တော် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက် က ဒေသခံပြည်သူများ၏ လက်ကိုင်ဖုန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ပြီး VPN Application တွေ့ရှိသည့် ပြည်သူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဩဂုတ် ၁၀ ရက်က အဆိုပါပြည်သူသုံးဦးကို တစ်ဦးလျှင် ငွေကျပ် ၅ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဖျာပုံမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပွားမှုမရှိစေရန်အတွက် ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ၎င်း Application တွေ့ရှိသူများကိုလည်းကောင်း၊ အခြားမသက်ဆိုင်သူများကိုလည်းကောင်း ဖမ်းဆီးခြင်းမရှိကြောင်း ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များလည်း မရှိခဲ့ကြောင်းနှင့် ယခုသတင်းမှာ လုပ်ကြံဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့ အစည်းများ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေမည့် ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) တို့ဖြင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု နိုင်ငံတော်မှ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ၎င်းအသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ ပြည်သူများ စိုးရိမ်ထိတ်လန့်စေမည့် ဝါဒဖြန့်သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဖြန့်ဝေနေသူများကိုလည်းသက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်