နေပြည်တော် ဩဂုတ် ၁၂
ချင်းပြည်နယ် မင်းတပ်မြို့ရှိ နယ်မြေခံတပ်ရင်းက ဩဂုတ် ၉ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မင်းတပ်မြို့အရှေ့ဘက်တွင် တောင်ယာလုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၁ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျည်များကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦးသေဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ မင်းတပ်မြို့နယ်နှင့် မုံရွာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ အဆိုပါ မြို့နယ်များအတွင်း PDF အမည်ခံအကြမ်းဖက်သမားများမှ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိစုဖွဲ့နေကြောင်း သတင်းပေးပို့ချက်အရ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်းနှင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်မှာ လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်း သိရသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဝေးမှ လက်လုပ်လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့၊ ရွာများကို Drop Bomb များ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်ကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်အတွက် လူမှုကွန်ရက်မှတစ်ဆင့် သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်