Skip to main content

လူငယ်ပွဲတော်မှာ တက်ကြွပျော်ရွှင်နေတဲ့ လူငယ်တွေ များစွာတွေ့ခဲ့ရတဲ့အတွက် နိုင်ငံတော်အတွက် အားတက်မိပါတယ်

မောင်ဒယ်နီယယ်မျိုးထွန်း(ဆုရထူးချွန်လူငယ်)

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ လူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ လူငယ်ကိုယ်စားလှယ်များနှင့် နယ်ပယ်ပေါင်းစုံမှ လူငယ်ကိုယ်စားလှယ်များ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြရာ ၎င်းတို့နှင့်တွေ့ဆုံ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်အများအပြား မွေးထုတ်ပေးစေလိုသည့် အခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလိုသည့် လူငယ်များ၏ သဘောထားအမြင်များကို တွေ့ဆုံမေးမြန်းမျှဝေပေးလိုက်ရပါသည်။

မောင်ဖိုးပြုံး (ကယားပြည်နယ်လူငယ်ကိုယ်စားလှယ်)

လူငယ်တွေအားတက်စေမယ့် အခမ်းအနား၊ ပွဲတော်တွေကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ချင်ခဲ့တာကြာပါပြီ။ ဒါကြောင့် လူငယ်တွေကို အခွင့်အရေးပေးပြီး အသိပညာ၊ အတတ်ပညာတွေမျှဝေပေးမယ့် ဒီလိုအခမ်းအနားကြီးကို တက်ရောက်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ နောက်ပြီး လူငယ်ဖိုရမ်မှာလည်း ကဏ္ဍအလိုက် ကျွန်တော်တို့လို လူငယ်တွေ သိသင့်သိထိုက်တဲ့အကြောင်း အရာတွေကို ဆွေးနွေးမျှဝေသွားမယ်လို့လည်း သိရပါတယ်။ ဒီဖိုရမ်ကနေ ကျွန်တော်သိရသမျှ အကြောင်းအရာတွေကို ကျွန်တော့်ပြည်နယ်က ပြည်သူတွေကို ပြန်လည်မျှဝေပေးပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး တိုင်းရင်းသားလူငယ်တွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံတွေကို မြင်တွေ့လေ့လာခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ လူငယ်တွေဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် အချိန်နဲ့တစ်ပြေးညီ ကြိုးစားကြစေလိုပါတယ်။ ကိုယ်ကြိုးစားပြီးရရှိလာတဲ့ ပညာရပ်တွေကို နိုင်ငံတော်အတွက် အသုံးပြုပေးကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

မမူမူစိုး (ကချင်ပြည်နယ်လူငယ်ကိုယ်စားလှယ်)

ကျွန်မကတော့ ကချင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ လူငယ်ပွဲတော်ကို လာရောက်ပြီး ပါဝင်တာဖြစ်ပါတယ်။ နောက်ပြီး လူငယ်ဖိုရမ်မှာလည်း လူငယ်နှင့် ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခုလို လူငယ်တွေအတွက် ဆောင်ရွက်ပေးတဲ့ ပွဲတော်မှာ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့အတူ ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် အင်မတန်မှကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလိုအခွင့်အရေးကြီးမှာ လူငယ်တွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေကို လူငယ်တွေ အချင်းချင်းဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။ ပွဲတော်ပြီးလို့ ကျွန်မတို့ ပြည်နယ်ကို ပြန်ရောက်တဲ့အခါကျရင်လည်း ပွဲတော်ကရရှိခဲ့တဲ့ အသိပညာဗဟုသုတတွေကို ပြန်လည်မျှဝေပေးသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ လူငယ်တွေအနေနဲ့လည်း ကြိုးစားကြပါ။ ကြိုးစားသလောက် ထိုက်တန်တဲ့ရလဒ် ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။

မောင်ဒယ်နီယယ်မျိုးထွန်း (ဆုရထူးချွန်လူငယ်)

ကျွန်တော်ကတော့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာကျင်းပတဲ့ International Medical Biochemist Competition ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တာ ဖြစ်ပါ တယ်။ ပြိုင်ပွဲမှာဆိုရင် နိုင်ငံတကာက လူငယ်တွေကို တွေ့ခဲ့ရတယ်။ သူတို့ ဘယ်လောက်ထိ စိတ်အားထက်သန်တယ်၊ သူတို့ ဘယ်လောက်ထိ ကြိုးစားနေတယ်ဆိုတာကို တွေ့ခဲ့ရတယ်။ အခုကျွန်တော်တို့နိုင်ငံမှာပြုလုပ်တဲ့ လူငယ်ပွဲတော်မှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တက်ကြွပျော်ရွှင်နေတဲ့ လူငယ်တွေကို များစွာတွေ့ခဲ့ရတဲ့အတွက် နိုင်ငံအတွက် အားတက်မိပါတယ်။ ဒီလိုပွဲတော်မှာ ကျွန်တော်ဆုချီးမြှင့် ခံရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်။ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဟာ လူငယ်တွေ လက်ထဲမှာရှိနေပါတယ်။ ဒါကြောင့် လူငယ်တွေ အသိပညာ၊ အတတ်ပညာနဲ့မှန်ကန်တဲ့ တွေးခေါ်မှုတွေရှိစေဖို့ အဆင့်မြင့်ပညာရပ်တွေ သင်ကြားပေးဖို့လိုပါတယ်။ ဒီလိုသင်ကြားပေးဖို့ကိုလည်း နိုင်ငံတော်တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနေတာကိုလည်း မြင်တွေ့နေရပါပြီ။ ဒါကြောင့် လူငယ်တွေအနေနဲ့ ကြိုးစားပြီး မိမိနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းပါဝင်ပေးကြစေလိုပါတယ်။

မောင်ရဲဝင်းလှိုင်(ရန်ကုန်တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်)

ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကို ကိုယ်စားပြုပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ လူငယ်ဖိုရမ်မှာ ကဏ္ဍသုံးခုဖြစ်တဲ့ ယဉ်ကျေးမှုကဏ္ဍ၊ နည်းပညာကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကဏ္ဍသုံးခုထဲက ယဉ်ကျေးမှုကဏ္ဍကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခုလိုလူငယ်ဖိုရမ်တွေ ကျင်းပပေးတဲ့အတွက် လူငယ်တွေဖြစ်ချင်တဲ့ လိုလားချက်ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ မျှော်မှန်းထားပါတယ်။ ဖိုရမ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်က လူငယ်တွေအားလုံးနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက်လည်း အင်မတန်ဝမ်းသာမိပါတယ်။ 

တွေ့ဆုံမေးမြန်း - တက်သစ်စ

ဓာတ်ပုံ - လုလင်ငယ်