နေပြည်တော် ဩဂုတ် ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မပါလလယ်ပေါ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းသို့ ယနေ့မွန်းလွဲပိုင်းတွင် KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းတိုက်အတွင်း သီတင်းသုံးနေသည့် သံဃာတော် ၂ ပါး ဗုံးစထိမှန်၍ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများသည် ဗန်းမော်မြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် ဌာနဆိုင်ရာအဆောက်အဦနှင့် လူနေအိမ်များအား လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှနေ၍ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးသည် မြို့မရပ်ကွက်ရှိ ဓမ္မပါလလယ်ပေါ်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ မြနှင်းဆီကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့သို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းဆောင်အတွင်း သီတင်းသုံးနေသော သံဃာတော် ၂ ပါး ဗုံးစထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဗန်းမော်မြို့ ပြည်သူ့ဆေးရုံသို့ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်ဘဲ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ရက်စက်ယုတ်မာစွာ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် တိုက်ပွဲများဖော်ဆောင်ခြင်းများ လုပ်ဆောင်မှုများကြောင့် မြို့၊ ရွာများရှိ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကာ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။