တောင်တွင်းကြီး သြဂုတ် ၁၁
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ တောင်သူအများစုသည် မိုးသီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ စပါး၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှံစားပြောင်း စသည့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးနေကြာ ၆၀၅ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပြီး စိုက်ပျိုးထားသော နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ဒီနှစ် တောင်တွင်းကြီးမြို့နယ်အတွင်းမှာ ကျေးရွာအုပ်စု ၁၈ အုပ်စု၊ တောင်သူ ၁၈၃ ဦးတို့အတွက် ဆီထွက်သီးနှံအထူးဇုန်နဲ့ ဇုန်ပြင်ပ မိုးနေကြာလျာထားဧက စုစုပေါင်းဆိုရင် ၃၆၁၃ ဧက ဖြစ်ပါတယ်။ ခုလက်ရှိ ဇူလိုင်လကုန်ထိဆိုရင်တော့ ၆၀၅ ဧက စိုက်ပျိုးပြီးပါပြီ။ အချို့တောင်သူတွေက ဇွန်လကတည်းက စိုက်ပျိုးကြပါတယ်။ အများစုကတော့ ဇူလိုင်လမှ မိုးစပါးနဲ့ မိုးနေကြာကို စပြီးစိုက်ပျိုးကြပြီးတော့ နှောင်းပိုင်းအတွက်ဆိုရင် မိုးကုန်ခါနီးမှ ဆောင်းနေကြာကို စိုက်ပျိုးကြပါတယ်။ နေကြာသက်တမ်းကတော့ ၃၅ ရက်တွင် အဖူး၊ အပွင့်တွေ ဝေလာပြီးတော့ ရက် ၉၀-၉၅ ရက်ဆိုရင် ခူးဆွတ်နိုင်ပါတယ်။ မြေအနေအထားအလိုက် တစ်ဧကအထွက်နှုန်းမှာတင်း ၂၀၊ တင်း ၃၀ ခန့် ထွက်ရှိပါတယ်”ဟု စိုက်ပျိုး ရေးဦးစီးဌာနမှသိရသည်။
တောင်တွင်းကြီး မြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးနေကြာကို ကျေးရွာအုပ်စု ၁၈ အုပ်စုမှ တောင်သူများ၏ ယာမြေများတွင် အထွက်နှုန်းကောင်းမွန်သည့် ဆင်းရွှေကြာ(၂) မျိုးနှင့် အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်းကောင်းမွန်သည့် မိုးနေကြာ (Hybride) မျိုးများကို အထူးဇုန်နှင့် ဇုန်ပြင်ပစုစုပေါင်း ၃၆၁၃ ဧက စိုက်ပျိုးရန်လျာထားရာ ဇူလိုင်လ ကုန်ထိ ၆၀၅ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ပိုးမွှားကင်းစင်၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)