Skip to main content

ဒုတိယဝန်ကြီးဒေါ်နုမြဇံ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ရောက်ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ယူဆောင်ရွက်နေသော ယဉ်ကျေးမှုအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

လှည့်လည်ကြည့်ရှု

ဦးစွာ ဒုတိယဝန်ကြီးသည် အင်းဝရှေးဟောင်း ဒေသအတွင်း အင်းဝရှေးဟောင်းသုတေသနပြတိုက်၊ ဆင်ကျုံးခံတပ်၊ လောကသရဖူဘုရား၊ ဗားကရာ ကျောင်း၊ ညောင်ရမ်းဘုရားစု (ကြောင်လိန်ဘုရား၊ လောကဒုဿမာန်အောင်ဘုရား၊ မြင်းမိုရ်တောင် ဘုရား၊ ဝင်္ကပါဘုရား၊ ငကျွဲနားဋောင်းဘုရား)တို့ကို လှည့်လည်ကြည့်ရှုပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များ နည်းလမ်းအမျိုးမျိုးဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ဆောင် ရွက်သင့်သည်များကို ဆောင်ရွက်ထားရှိရန်၊ စဉ်ဆက်မပြတ်စစ်ဆေးရန်နှင့် ဘုရားအပေါ်နှင့် ဘုရားပရဝဏ် အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပေါင်းပင်မြက်ပင်များ ရှင်းလင်းရေးတို့ကို မှာကြားသည်။

ထို့နောက် အောင်မြေဘုံစံအုတ်ကျောင်း (မယ်နု အုတ်ကျောင်း) ပြုပြင်ထိန်းသိမ်းနေသည့် အခြေအနေကို သွားရောက်စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက မယ်နုအုတ်ကျောင်း ဆေးသုတ်သည့်လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ဆေးရောင် တစ်ပြေးညီသုတ်မည့်အစား မုခ်ကပ်နေရာများတွင် အဖြူသုတ်ရန်နှင့် ဆေးမသုတ်မီ ချေးချွတ်မှုများ ယခုထက်ပိုမိုတိကျစွာဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် မန္တလေးနန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်သို့ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များ ဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် မန္တလေးနန်းမြို့ရိုး ပြာသာဒ်များ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဒုတိယကမ္ဘာစစ်ကာလတွင် ဗုံးဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပြန်လည်တည်ဆောက်ခဲ့ခြင်းမရှိသော အနောက်ဘက် နန်းမြို့ရိုးအလယ်ပေါက်၏ စည်ရှည်တံတားနေရာ ကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စည်ရှည်တံတားကို ပြန်လည်တည်ဆောက်မည်ဆိုပါက မူလတံတားပုံစံအတိုင်း၊ အရွယ်အစားအတိုင်း ရှေးမူမပျက် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ခိုင်မာသည့်အထောက်အထားများ၊ ဓာတ်ပုံမှတ်တမ်းများ ပြည့်စုံ စွာပြုစုစီမံပြီး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်