နေပြည်တော် ဩဂုတ် ၁၀
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့အပါအဝင် မြို့နယ် သုံးမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်အပါအဝင် မြို့နယ် ၁၃ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ စာသင်ကျောင်းများ အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေး ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေး ကြသည်။
ထိုသို့ စာသင်ကျောင်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ စုပေါင်းဆောင်ရွက်ပေးကြသည်။
ထို့အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်