Skip to main content

(၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး

နေပြည်တော် ဩဂုတ် ၉

(၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဩဂုတ် ၈ ရက်မှ ၁၀ ရက်အထိ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ National Convention Center ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။

ဆွေးနွေးပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၈ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် အာဆီယံကျန်းမာရေးဝန်ကြီးများ၏ အာဆီယံကျန်းမာရေးကဏ္ဍ လုပ်ငန်းများ သုံးသပ်ခြင်းနှင့် ၂၀၂၅ အလွန် ကျန်းမာရေးကဏ္ဍဦးစားပေး အစီအစဉ်များသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး အာဆီယံအဖွဲ့ကြီးအနေဖြင့် ပိုမိုကျန်းမာကောင်းမွန်သော၊ ပိုမိုတည်တံ့ခိုင်မြဲသော၊ အာဆီယံအသိုက်အဝန်းဖြစ်ပေါ်စေရေးအတွက် ကျန်းမာသော လူနေမှုဘဝပုံစံ မြှင့်တင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားကောင်းအောင် ဆောင်ရွက်ရေး၊ အသစ်ဖြစ်ပေါ်လာမည့် ကူးစက်ရောဂါများနှင့် ပြန်လည်ခေါင်းထောင်လာမည့် ကူးစက်ရောဂါများကို စောင့်ကြည့်ခြင်းနှင့် ကာကွယ်ထိန်းချုပ်‌ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လူတိုင်းလက်လှမ်းမီရရှိစေရေး (Universal Health Coverage)၊ သဘာဝဘေးဒဏ်ခံ နိုင်ရည်ရှိသော ကျန်းမာရေးစနစ်အဆင့် မြှင့်တင်ရေး၊ ပြောင်းလဲတိုးတက်လာသည့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေးမြှင့်တင်နိုင်ရေး၊ လူနာများ ဘေးကင်းလုံခြုံရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံစိတ်ချရမှု တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ အားကောင်းခိုင်မာသော ကျန်းမာရေးစနစ် မြှင့်တင်ရေးအတွက် ကျန်းမာရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ကြီးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့၏ ကျန်းမာ‌ရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုသည် ကျန်းမာရေးအရေးပေါ်အခြေအနေများတွင် မိမိတို့အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည်လည်းကောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသည်လည်းကောင်း အလွန်အရေးကြီးသည်ကို မီးမောင်းထိုးပြလျက်ရှိကြောင်း၊ ကပ်ရောဂါကာလအစပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့သော်လည်း မိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းကူညီပံ့ပိုးမှု၊ ပြည်တွင်းမှပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင် ရွက်နိုင်ခဲ့ကြောင်း။

အလားတူ ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း များတွင်လည်း နိုင်ငံတော်အစိုးရ၏ပံ့ပိုးမှု၊ ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထု၏ ပူးပေါင်းမှုဖြင့် ကာကွယ်ဆေးထိုးနှံ‌ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကာကွယ်ဆေးလုံးဝ ထိုးနှံနိုင်ခြင်းမရှိခဲ့သည့် ကလေးငယ်များကို သုံးဆခန့်လျှော့ချနိုင်ခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးလုပ်ငန်းအောင်မြင်မှုများကို အသိအမှတ်ပြုမှတ်တမ်းတင် ထုတ်ပြန်ထားကြောင်း၊ ဆက်လက်၍ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အနောက်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများတက် ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်