Skip to main content

နေပြည်တော်နည်းပညာတက္ကသိုလ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၉

မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်နည်းပညာတက္ကသိုလ် စုဝေးခန်းမ၌ ဆောင်ရွက်သည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။

Myanmar Electronic Voting Machine (MEVM) စက်အသုံးပြု၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်ကို အချိန်တိုအတွင်း ရိုးရှင်းလွယ်ကူစွာ မဲပေးဆောင်ရွက်နိုင်ခြင်း၊ မိမိ မဲပေးရွေးချယ်လိုက်သည့်အခြေအနေအား မျက်မြင်တွေ့ရှိရသည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ခြင်း၊ ပယ်မဲများမရှိနိုင်တော့သည့်အတွက် မိမိတို့၏ဆန္ဒမဲများ အဟောသိကံဖြစ်ရသည့်အခြေအနေမျိုး မရှိနိုင်တော့ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။

ကျင်းပမည့်ရွေးကောက်ပွဲတွင် ပထမအကြိမ် မဲပေးကြမည့် မဲဆန္ဒရှင် ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် MEVM စက်အသုံးပြုမဲပေးခြင်းနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးကို မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

အခမ်းအနားသို့ နေပြည်တော်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်၊ ဌာနအကြီးအမှူးများ၊ ပါမောက္ခများ၊ အရာထမ်း/ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၀ တက်ရောက်ခဲ့ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်