Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများနှင့် ဝါစက်လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဩဂုတ် ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပဲ့ကန်ကျေးရွာ၌ ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်ပဲ့ကန်ကျေးရွာရှိ အလင်းရောင် လယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်း၌ကျင်းပသည့် ဝါစိုက်အသင်းသား တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ နိုင်ငံအတွင်းရှိ ပြည်သူများ အဝတ်အထည်များဖူလုံရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်မှုမှာ အလွန်အရေးကြီးကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ထွက်ရှိလာသောဝါမှာ နိုင်ငံအတွင်း ချည်လိုအပ်ချက်အတွက် ပြည့်မီသည်ကို တွေ့ရှိရသော်လည်း ချည်နှင့်အထည်များကို ပြည်ပမှ တင်သွင်းမှာယူနေရသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့တင်ပို့ ရောင်းချနေရကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန်အတွက် လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကိုပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ဝါစိုက်တောင်သူများအနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်ရန် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ အလေးထားဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဝါခူးဆွတ်ချိန်တွင်လည်း အရည် အသွေး၊ အမျိုးအစား Grade A,B,C အဆင့်ဆင့်ရှိသည့် အနက် သတ်မှတ်အရည်အသွေးနှင့် ပေါက်ဈေးနှုန်းကို တောင်သူကြီးများသိရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ အသိပညာပေးရန်လိုအပ်ကြောင်း၊ စနစ်တကျ ဆွတ်ခူးထွက်ရှိလာသောဝါများ ဈေးကောင်းရရှိရေး ဈေးကွက်သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူ အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားကာ ဝါစိုက်တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မိုးကြိုဝါစိုက်ခင်းများတွင် ဝါဆွတ်ခူးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပျော်ဘွယ်မြို့နယ်ဆည်ကန် ဝါစက်ရုံနှင့်မန်းရတနာ ဝါဂွမ်းနှင့် ဝါမျိုးစေ့ရောင်းဝယ် ရေးစက်ရုံများသို့ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များ ထုတ်လုပ်နေမှုများနှင့် ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲနိုင်မှုကြောင့် စားသုံးဆီအပြင် တိရစ္ဆာန်အစာအတွက် ဝါဖတ်များကိုပါရရှိခြင်းကြောင့်များစွာအကျိုးရှိကြောင်း၊ ဝါစိုက်ဧကအပေါ်အခြေခံ၍ ကုန်ကြမ်းရရှိမှု အပေါ်မူတည်ကာ ဝါဖန်စက်များ ထပ်မံလိုအပ်မှု ရှိ/မရှိ တင်ပြပေးရန်နှင့် ထပ်မံလိုအပ်သော စက်များကို ပြည်တွင်းစက်မှုဇုန်များမှ ထုတ်လုပ်နိုင်သည့်အတွက် တိုးချဲ့ဆောင်ရွက်လိုပါက ဆောင်ရွက်မည့်အစီအစဉ်များ ပြန်လည်တင်ပြကြရန်လိုအပ်ကြောင်း ပြောကြားပြီး တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့နောက် ရမည်းသင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်ရှိ တီဘီအယ်လ်ကုမ္ပဏီလီမိတက်၏ ဝါ၊ နေကြာ၊ နှမ်း၊ စပါးမျိုးစေ့များနှင့် အခြားသီးနှံမျိုးစေ့များ ထုတ်လုပ်နေမှု၊ စမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် လိုအပ်သောဒေသများသို့ သမဝါယမအသင်းများဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်