Skip to main content

နိုင်ငံတော်၏ ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အခြေခံအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၉

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖိတ်ကြား၍ နိုင်ငံတော်၏ ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ အခြေခံအသိပညာ‌ပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁)ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြောကြား

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံးသည် စီးပွားရေး၊ နိုင်ငံခြားဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘာသာရပ်များကို အသုံးချကာ ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည်ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) နှင့် ဆက်စပ်ဆောင်ရွက်နိုင်မှုကို သိရှိနားလည် ထားရန်လိုအပ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးဖြစ်ပေါ် တိုးတက်မှုစနစ်သည် အဓိကအားဖြင့် လူသားများ၏ လိုအပ်ချက်ဖြစ်သော စားဝတ်နေရေးဖြည့်ဆည်းနိုင်ရေးအတွက်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုသွင်းအားစုများဖြစ်သည့် မြေယာ၊ လုပ်သား၊ အရင်းအနှီးများဖြင့် သမားရိုးကျထုတ်လုပ်မှုမှ နောက်ပိုင်းတွင် စွန့်ထွင်ဦးစီးမှု ထည့်သွင်းလာကြပြီး အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာခဲ့ ကြောင်း။

မိမိတို့နိုင်ငံတွင် နိုင်ငံတော်က ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် ဒစ်ဂျစ်တယ်နည်းပညာသစ်များ ၏ လျင်မြန်စွာ ပြောင်းလဲမှုတို့ လိုက်လျောညီထွေရှိစေရန် “Myanmar e- Governance Master Plan 2030” ကို ရေးဆွဲထားပြီးဖြစ်သည့်အပြင် ဉာဏ်ရည်တု (AI) AI Usage Policy ကို လည်းရေးဆွဲလျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးပို့ချသည့် AI နည်းပညာဆိုင်ရာ အခြေခံအသိပညာများသည်ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက် ရှိသည့် e-Government မှ Digital Government သို့ ပြောင်းလဲရေးတွင် အထူးအရေးပါပြီးတန်ဖိုးရှိသည့်အတွက် တက်ရောက်သူများက သေချာစွာလေ့လာကြစေလိုကြောင်းနှင့် ယနေ့သိရှိရသော AI နည်းပညာဆိုင်ရာ အသိပညာများဖြင့် ဝန်ကြီးဌာန၏ e-Government သို့ အသွင်ကူးပြောင်းရေး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ရှင်းလင်းဆွေးနွေးပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန နေပြည်တော် နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်က ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ သိရှိထားသင့်သည့် အခြေခံအကြောင်းအရာများ၊ ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ကျင့်ဝတ်၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရင်းနှီး မြှုပ်နှံမှုစီမံကိန်းအဆိုပြုချက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအပါအဝင် နိုင်ငံခြားစီးပွာဆက်သွယ်ရေးလုပ်ငန်းများတွင် AI နည်းပညာဖြင့် ပံ့ပိုးပေးနိုင်မှု အကြောင်းအရာများနှင့် အနာဂတ် AI ဆိုင်ရာ အသိပညာများကို မျှဝေဆွေးနွေးခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခဒေါက်တာခင်မာစိုးက AI နည်းပညာဆိုင်ရာအကြောင်း၊ သုတေသနများတွင် အသုံးဝင်မှုများ၊ ကောင်းကျိုးများ၊ Risks နှင့် အန္တရာယ်ရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

သတင်းစဉ်