နေပြည်တော် သြဂုတ် ၉
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၄၂) နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝင်းအတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လျှိုပိတ်ဆည်အတွင်း သို့ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၁၀၀၀၀ ကို ငါးမျိုးစိုက်ထည့်ကြသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင်နှင့် မန်ကျည်းပင် ၃၀၀ တို့ကို စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီးယခုနှစ်၏ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ယခင်နှစ်များက စိုက်ပျိုးထားရှိသည့် ရတနာတန်းဝင်ပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုနှင့်သေဆုံးမှုများအတွက် ပြန်လည်အစားထိုးစိုက်ပျိုးလျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများတွင် လည်း ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို တစ်ပြိုင်နက် ကျင်းပ၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များနှင့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း ပထမအကြိမ်၌ အပင် ၁၂၇၀၀၊ ဒုတိယအကြိမ်၌ ၉၉၅၂ ပင်နှင့် ယခုတတိယအကြိမ်၌ ၁၀၇၀၈ ပင် စုစုပေါင်း သစ်ပင် ၃၃၃၆၀ တို့ကို စိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင် ဖြစ်ထွန်းရေးအတွက် ထိန်းသိမ်းပြုစုဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်