နေပြည်တော် ဩဂုတ် ၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ပခုက္ကူမြို့နယ် ဝါဇီအခြေခံပညာအထက်တန်းကျောင်းနှင့် လမ်းရွာအလယ်တန်းကျောင်းတို့ကို ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ လူငယ်များ ဗလငါးတန်ပြည့်ဝရေး၊ အသိပညာအတတ်ပညာပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားကြရေးနှင့် ဘဝတစ်လျှောက်လုံး စာပေဖတ်ရှုလေ့လာရေးတို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များလှူဒါန်းပြီး အားကစားပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် လမ်းရွာကျေးရွာ ရှေ့ဆောင်စာကြည့်တိုက်သို့ရောက်ရှိပြီး စာကြည့်တိုက်ရေရှည်တည်တံ့နိုင်ရေး၊ လူငယ်များ စာပေလေ့လာဖတ်ရှုနိုင်အောင် စည်းရုံးဆောင်ရွက်ရေးတို့မှာကြားပြီး စာကြည့်တိုက်အတွက် အလှူငွေပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံးကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများကို လိုအပ်သည်များ မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးခရိုင်ရုံး၌ တိုင်းဒေသကြီးရုံးမှ ဝန်ထမ်းများ၊ မကွေးခရိုင်နှင့် မင်းဘူးခရိုင်ရုံးတို့မှ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းတာဝန်ပိုင်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာများ၊ လုံခြုံရေးဆိုင်ရာများ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်