နေပြည်တော် ဩဂုတ် ၉
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်H.E. Mr. Ajman Bin Haji Meludin ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင် ဩဂုတ် ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည့် (၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများအစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့တက်ရောက်ခဲ့ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ဩဂုတ် ၅ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပသည့် “အနာဂတ်တွင် အာဆီယံနိုင်ငံ့ဝန်ထမ်းကဏ္ဍ ခိုင်မာအားကောင်းရေးနှင့် အံဝင်ခွင်ကျ ဖြစ်စေရေး “Strengthening ASEAN Public Sector : Fit for the Future’’ အစည်းအဝေးများကို လည်းကောင်း၊ ဩဂုတ် ၆ ရက် တွင်ကျင်းပသည့်ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ် “Revolutionizing the Public Sector: Artificial Intelligence for Good Governance” ကို လည်းကောင်း တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးများ၌ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) နှင့် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်း၊ အခြားဆက်စပ်အစည်းအဝေးများတွင် ACCSM ကဏ္ဍအတွက် အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များအပေါ် လေ့လာသုံးသပ်ခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ အဆိုပြုထား သည့် နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် အလုပ်နှင့်ဘဝဟန်ချက်ညီမှုရှိစေရေး၊ ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာရေးအပေါ် အစိုးရ၏မဟာဗျူဟာများ ခိုင်မာအားကောင်းရေးဆိုင်ရာ အာဆီယံထုတ်ပြန်ချက်အပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) ရေးဆွဲရေးအတွက် လုပ်ငန်းစဉ်များတင်ပြခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းအကြီးအကဲက (၂၀၂၄-၂၀၂၆) ကာလအတွင်း ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးများနှင့် ဆက်စပ်လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်