Skip to main content

စာနာထောက်ထားမေတ္တာတရားဖြင့် ဖေးမကူညီ

ဘေးဒုက္ခသင့်နေသော နေရာဒေသများမှ ပြည်သူများ၏ ဘဝအခြေအနေများနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နေကြရသော ပြည်သူများ၏ ဘဝအခြေအနေများမှာ သိသာစွာကွာခြားလျက် ရှိသည်။ ယင်းကို ကိုယ်တိုင်ကြုံတွေ့နေကြရသူများနှင့် စာနာကြသူများ နားလည်ကြမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် စစ်ဘေး စစ်ဒဏ် ကြုံတွေ့ကြရသည့် ပြည်သူများနှင့် ရေကြီးရေလျှံသဘာဝဘေး ကြုံတွေ့ကြရသော ပြည်သူများစွာရှိနေသည်။

လက်ရှိကာလတွင် သဘာဝအခြေအနေအရလည်းကောင်း၊ လူသားများက ဖန်တီးသည့် လောဘ၊ ဒေါသ၊ မောဟများကြောင့်လည်းကောင်း လူတို့၏လွတ်လပ်ခွင့်၊ အသက်ရှင်သန်ခွင့်၊ လူတစ်ဦးချင်းအလိုက် လုံခြုံခွင့်တို့ကိုထိခိုက်စေသော အကြောင်းကိစ္စအမျိုးမျိုးဖြစ်ပေါ်နေသည်။ မြန်မာနိုင်ငံရှိ ပြည်သူအချို့အနေဖြင့်လည်း သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသူများရှိသလို တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုကာ ပယောဂအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကို ကြုံတွေ့နေရသည်။

အထူးသဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံအပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးပျက်စီးလျက်ရှိသည်ကို စိတ်မချမ်းမြေ့ဖွယ် ကြားသိနေရသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံပြည်သူများမှာ မိမိတို့၏ အိုးအိမ်နှင့်ပိုင်ဆိုင်မှုများကို စွန့်လွှတ်ပြီး နေရင်းဒေသရပ်ရွာများမှ စွန့်ခွာတိမ်းရှောင်နေကြရသည်။ နေရပ်စွန့်ခွာရန် အခွင့်အရေးမပေးသူ ဒေသခံများအနေဖြင့် နေရင်းဒေသများတွင်ပင် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်မှုများစွာဖြင့် နေထိုင်ကြရသည်။ အဆိုပါပြည်သူများအား ကိုယ်ချင်းစာနာ ဝိုင်းဝန်းကူညီကြရမည်ဖြစ်သည်။

နေရပ်စွန့်ခွာတိမ်းရှောင်ရသော ပြည်သူများတွင် ငွေကြေးတတ်နိုင်သူများ၊ အခြားအရပ်တစ်ပါးတွင် ဆွေမျိုးသားချင်းရှိသူများအနေဖြင့် အခက်အခဲကြီးကြီး မားမားရှိမည်မဟုတ်သော်လည်း ငွေကြေးမတတ်နိုင်သူများ၊ တစ်နေ့လုပ်မှတစ်နေ့ စားနေရသည့် အခြေခံလူတန်းစားများ၏ဘဝမှာ တွေးကြည့်ရုံနှင့် ရင်လေးဖွယ်ဖြစ်သည်။ အားကိုးရာမဲ့၊ ကူရာကယ်ရာမဲ့သည့် ပြည်သူများ၏ဘဝအတွက် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရသည်။ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရကြသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ၏ဘဝများကို စာနာထောက်ထားမေတ္တာထားပြီး ဖေးမကူညီပေး ကြပါရန် မေတ္တာရပ်ခံပါသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားသည်နှင့် ဒေသခံပြည်သူများမှာ ဘေးဒုက္ခအခက်အခဲများကြုံတွေ့ပြီး အခွင့်အရေးများဆုံးရှုံးသွားသည်။ အကြမ်းဖက်တိုက်ခိုက် မှုဖြစ်ပွားရာ ဒေသများတွင် ကျန်ရှိနေကြသည့် ပြည်သူများနှင့် နေရပ်စွန့်ခွာသွားကြသည့် ပြည်သူများသည် အသက်ရှင်သန်ခွင့်အပါအဝင် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူပုဂ္ဂိုလ်အလိုက် လုံခြုံမှုအခွင့်အရေး စသည့်မူလအခြေခံအခွင့်အရေးများစွာ ထိပါးဆုံးရှုံးသွားခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခဟူသည် ချက်ချင်းပြီးဆုံးသွားသည်မရှိဘဲ အချိန်ကာလအနည်းအများအလိုက် ဖြစ်ပေါ်နေမည်ဖြစ်၍ ထိုဒေသရှိ ပြည်သူများ၏အနာဂတ်မှာ အမှောင်အတိကျသကဲ့သို့ဖြစ်လျက်ရှိသည်။

လူတို့အနေဖြင့် ယုံကြည်ကိုးကွယ်ရာ ဘာသာအရလည်းကောင်း၊ နားလည်သိမြင်မှု ဉာဏ်ပညာအဆင့်အတန်းအရလည်းကောင်း လူလူချင်းစာနာထောက်ထား မှု၊ မေတ္တာတရားထားမှု၊ ဖေးမကူညီပေးမှု အနည်းအများရှိမည်ဖြစ်သည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၃)တွင် “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှု ရခွင့်ရှိသည်”ဟု ဖော်ပြထားသည်။ အသက် ရှင်သန်ခွင့်သည် လူသားအားလုံး၏ မွေးရာပါရရှိခံစားခွင့်ရှိသော အရေးကြီးသည့် မူလအခြေခံအခွင့်အရေးဖြစ်ပြီး မည်သည့်အခြေအနေ၊ အချိန်အခါတွင်မဆို မည်သည့် အကြောင်းရင်းနှင့်မျှ ဖယ်ရှားနုတ်ပယ်၍မရသော အခွင့်အရေးဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ လူ့အခွင့်အရေးကြေညာစာတမ်းနှင့်အညီ ဘေးဒုက္ခကြုံတွေ့နေရသော လူသားများကို ဝိုင်းဝန်းကူညီစောင့်ရှောက်ကြရမည်ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော လက်နက်ကိုင်ပဋိပက္ခများကြားတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော ဆေးရုံ၊ ဆေးပေးခန်းများ၊ ပညာသင်ကြားပေးလျက်ရှိသော စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များကို တိုက်ခိုက်ခြင်းမပြုရန် လိုအပ်ပါသည်။ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အဓမ္မပြုလုပ်ခြင်းမပြုလုပ်ရန်လိုပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများသည် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကိုဆန့်ကျင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအပေါ် အန္တရာယ်ကြီးစွာကျရောက်နိုင်သည်။

သို့ဖြစ်ရာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို ဖော်ဆောင်နိုင်ရန် ကုလသမဂ္ဂကထုတ်ပြန်ထားသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များနှင့် ပြည်တွင်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို အလေးထားလိုက်နာပြီး အပြစ်မဲ့ပြည်သူများ၏ အသက်ရှင်သန်ခွင့်နှင့် လုံခြုံခွင့်ကို အလေးထားကူညီ စောင့်ရှောက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။    ။