နေပြည်တော် သြဂုတ် ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ သြဂုတ် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ ပိုင်ရှင်ကစွန့်လွှတ်ကြောင်းတင်ပြလာသည့် စင်ကာပူနိုင်ငံထုတ် ဓာတ်ခွဲခန်းသုံးအမွှေးနံ့သာဆီနမူနာ Fragrance Oils ၄၄ ဘူး၊ United Kingdom နိုင်ငံထုတ် Engine Generator Controller တစ်ခု (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၁၁၉၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Wai Wai ခေါက်ဆွဲခြောက်အထုပ် ၆၀၆၀ နှင့် Mistine Whitening Lotion ဘူး ၂၄၀၀၀ ၊ အင်ဒိုနီးရှားနိုင်ငံထုတ် VAS ဟင်းသီးဟင်းရွက်ဆီ ၂၀ လီတာပါ ပုံး ၄၅၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၆၄၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus တစ်စီး၊ Mitsubishi Fuso Truck တစ်စီးနှင့် Isuzu Giga Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၀၀၀၀၀၀) (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၆၄၆၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၇၃၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၂၅၇၆)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာအမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅၉၆၉၇၆၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်