မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ရေမြေတောတောင်သဘာဝနှင့် လူမျိုးအားဖြင့် ကွဲပြားကြသော်လည်း လုပ်ကိုင်ဆောင်ရွက်ကြသည့် စီးပွားရေးမှာမူခွဲခြား၍မရပေ။ လွတ်လပ်သောနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ၏ပင်ကိုသဘာဝတို့အရ နိုင်ငံသားတိုင်းသည် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနေထိုင်လုပ်ကိုင်ဆောင်ရွက်ခွင့်ရကြသည်။
ထိုသို့ တိုင်းရင်းသားလူမျိုးအသီးသီးတို့ အတူတကွ နေထိုင်ဆက်ဆံလုပ်ကိုင်ဆောင်ရွက်ခဲ့ကြသဖြင့် အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုတို့ အရှည်တည်တံ့ခိုင်မြဲပြီး ပြည်ထောင်စုကြီး ယနေ့ထက်တိုင် အဓွန့်ရှည်တည်တံ့ခိုင်မြဲလျက်ရှိသည်။ မြန်မာနိုင်ငံသားတိုင်းသည် နိုင်ငံအတွင်း မည်သည့်အချုပ်အချယ် ကန့်သတ်မှုမျိုးမှမပါဝင်ဘဲ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်စသည့် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်အခွင့်အရေးများရှိသည်။ နိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် တိုင်းရင်းသားလူမျိုးများအားလုံး အတူတကွလက်တွဲ၍ လွတ်လပ်စွာ နေထိုင်လာခဲ့ကြသည်။
သို့သော် ဥပဒေမဲ့သောနေရာများနှင့် သောင်းကျန်းသူများကြီးစိုးသောဒေသများတွင် အဆိုပါအခွင့်အရေးများ ဆိတ်သုဉ်းကင်းမဲ့လျက်ရှိသည်။ လက်နက်အားကိုးဖြင့် လူလူချင်းအနိုင်ကျင့်နှိပ်စက်မှုခံကြရသည်။ ငါနှင့်မတူ၊ ငါ့လူမျိုးနှင့်မတူသူများ အနိုင်ကျင့်ခံကြရသည်။ လူမျိုးနှီးနွှယ်တူညီမှု၊ ဘာသာစကားနှီးနွှယ်တူညီမှု၊ ရာဇဝင်အစဉ်အလာ၊ ယဉ်ကျေးမှုအစဉ်အလာတို့နှင့် အညီအညွတ်ရှိမှုတို့ကို မထောက်ထားဘဲ မြန်မာနိုင်ငံသမိုင်းတွင် ဆိုးရွားသည့် လူမျိုးစွဲ၊ ဝါဒစွဲနှင့် လူမျိုးရေးအမြင် ကျဉ်းမြောင်းသည့်လုပ်ရပ်များကို နိုင်ငံတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ပေ။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး တစ်နိုင်ငံလုံး၏ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အဓိကဆောင်ရွက်ရာဒေသဖြစ်သည်။ အိမ်နီးချင်းနိုင်ငံကြီးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းပေါ်တွင်ရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေရရှိခဲ့ကြသည်။ ယခုအခါ အဆိုပါအခွင့်အလမ်းများ ပျောက်ကွယ်သွားပြီဖြစ်သည်။ သောင်းကျန်းသူများ အကြမ်းဖက်တိုက်ပွဲဖော်ဆောင်မှုကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ၊ ကလေးငယ်များနှင့်လူငယ်လူရွယ်များ၏ အနာဂတ်ဘဝများ၊ မျှော်လင့်ချက်များ ဆိတ်သုဉ်းတော့မည်ဖြစ်သည်။
သောင်းကျန်းသူများ၏ စစ်ဘုရင်ဝါဒပြန်လည်အသက်သွင်းမှုကြောင့် တစ်ချိန်သောကာလက အမှောင်အတိကျခဲ့သည့် အခြေအနေမျိုးသို့ ပြန်လည်ရောက်ရှိသွားမည်ကို စိုးရိမ်မိသည်။ စစ်ဘုရင်ဝါဒကြီးစိုးခဲ့သည့်ဒေသများတွင် ဥပဒေမဲ့အနိုင်ကျင့်ခံရမှုများ၊ တရားလက်လွတ် သတ်ဖြတ်နှိပ်စက်ခံရမှုများ၊ မှန်ကန်သည့် ရောင်းဝယ်ဖောက်ကားမှုများနေရာတွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားများ၊ ပြောင်းနှင့် ဆန်အစားဘိန်းစိုက်ပျိုးမှုများ၊ လူငယ်လူရွယ်များ စာအုပ်နှင့် ဘောပင်ကိုင်ရမည့်အစား သေနတ်များကိုင်ရင်းနှင့် အမှောင်ဘဝထဲရောက်ကြရမည့် အခြေအနေများကို စိုးရိမ်ပူပန်မိသည်။ တပ်မတော်အနေဖြင့် ပြည်သူများ ထိုအခြေအနေဆိုးမျိုးသို့ ရောက်ရှိသွားမည်ကို လုံးဝလက်ပိုက်ကြည့်နေမည်မဟုတ်ပေ။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော စစ်ရေးအခင်းအကျင်းသည် သမားရိုးကျ အခြေအနေတစ်ရပ်မဟုတ်သည်ကို သတိပြုကြဖို့လိုမည်ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့အစုအဖွဲ့သက်သက်ထက် ၎င်းတို့ကို အစစအရာရာ ပံ့ပိုးကူညီဖြည့်ဆည်းပေးနေသော နောက်ခံနိုင်ငံ၊ အဖွဲ့အစည်းများရှိနေ၍ အင်အားကြီးထွားလာခြင်းဖြစ်သည်။ ပြည်ထောင်စုကြီးကို ခြိမ်းခြောက်လာခြင်းဖြစ်သည်။ သောင်းကျန်းသူများနှိမ်နင်းရေးအပြင် ပြည်ထောင်စုကြီးကို ခြိမ်းခြောက်လာသော နောက်ကွယ်မှ အန္တရာယ်များကို မပြတ်သတိရှိဖို့လိုမည်ဖြစ်သည်။ ပြီးခဲ့သည့်ဖြစ်စဉ်များတွင် ပြင်ပကြေးစား နည်းပညာရှင်များနှင့် ပူးပေါင်းပြီး လက်နက်ပစ္စည်းများကို အဆင့်မြှင့်တင်ပြုပြင်ကာ တိုက်ပွဲဖော်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချိန်တွင် မြို့တွင်းတိုက်ပွဲများဖြစ်၍ အရပ်သားပြည်သူများ မထိခိုက်စေရန် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနှင့်အညီ တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။ တပ်မတော်သည် ရရှိပြီးသောလွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရန်၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲစေရန် ပြည်သူများ၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်စောင့်ရှောက်ပေးနေသည်မှာ ယနေ့အထိဖြစ်သည်။ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးအတွက် သမိုင်းအစဉ်အဆက် စွန့်လွှတ်စွန့်စား အသက်ပေးထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။
သို့ဖြစ်ရာ တပ်မတော်သည် ပြည်ထောင်စုကြီးကိုအသက်ပေး၍ ကာကွယ်စောင့်ရှောက်ပေးနေသလို ပြည်သူများအနေဖြင့်လည်း ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သည် ပြည်ပကျူးကျော်မှုနှင့် ပြည်တွင်းသောင်းကျန်းမှုအမျိုးမျိုးတို့ကို တပ်မတော်နှင့်အတူလက်တွဲ၍ ပါဝင်ခဲ့ကြသည့် အစဉ်အလာကောင်းများအတိုင်း ပြည်ထောင်စုကို နှောင့်ယှက်ဖျက်ဆီးမှုမှန်သမျှ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်ကြရမည်ဖြစ်ပါကြောင်း။ ။