Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးနှင့် စက်လှေမောင်းသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဩဂုတ်လ (၆) ရက်နေ့ နံနက် ၉ နာရီတွင် အဆိုပါ ကျောင်းခန်းမ၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက၊ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိ/ရပ်ဖများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊  ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အလှဆုံး ပန်းများ ပွင့်ကြပြီ"သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပေးပြီး “နိုင်ငံအကျိုးအတွက်မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်  ဗီဒီယို Clip ပြသခဲ့ကြသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင်  နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသော လူမှုရေးဦးတည်ချက်နှင့်အညီ နေပြည်တော်ကောင်စီအနေဖြင့် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ”ကို ဖွဲ့စည်းပေးခဲ့သကဲ့သို့ နေပြည်တော်အနေဖြင့် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအနေဖြင့် ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသင်ယူခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာဖြစ်သည့် တက္ကသိုလ်များကို အခြေခံ၍ ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပခြင်းဖြစ်ပါကြောင်း၊  ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့်  စာအုပ်စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်အတွက် စာပေဆွေးနွေးပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ လူငယ်များအတွက် စိတ်အားတက်ကြွဖွယ်ရာ Video Clip များဖြင့် ပြသဆောင်ရွက်ပေးပါက စာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အထများလည်း ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် အသိကြွယ်ခြင်း၊ ဗဟုသုတများခြင်း၊ ကျိုးကြောင်းညီညွတ်စွာ သုံးသပ်နိုင်မှုစွမ်းရည် တိုးတက်လာခြင်း၊ အခြားသူများထံမှ အတွေ့အကြုံကိုရယူ၍ မိမိနှင့် ပတ်ဝန်းကျင်လူမှုဘဝ အောင်မြင်မှုတွင် အသုံးချနိုင်ခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ အာရုံစူးစိုက်သည့် အလေ့အကျင့်ဖြစ်ထွန်းလာခြင်း၊ စိတ်ကူးစိတ်သန်းကောင်း၍ ဖန်တီးနိုင်မှု စွမ်းရည်မြှင့်မားလာခြင်း၊ ဦးနှောက်ကို ပိုမိုထက်မြက်အောင် လှုံ့ဆော်ပေးနိုင်ခြင်း၊ လူတစ်ဦး၏နေ့စဉ်ဘဝပြဿနာများကို စနစ်ကျစွာ ရင်ဆိုင်ဖြေရှင်းနိုင်၍ ဘဝတိုးတက်ခြင်း၊ စိတ်ဖိစီးမှုကို လျော့ချနိုင်ခြင်းစသည့် စာပေအကျိုးကျေးဇူးများစွာ ရရှိကြမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူး ရှိစေသောကြောင့် ကလေးငယ်များအား ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကိုပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်ကအားကိုးအားထားရသော သားကောင်း၊ သမီးကောင်း ပညာရှင်များ ပေါ်ထွန်းရေးအတွက် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊  စာပေဖတ်ရှုလေ့လာမှုက ဘဝအတွက်အလွန်အရေးကြီးသည့် အချက်တစ်ချက်လည်းဖြစ်သည့်အတွက် ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုလေ့လာမှုအလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ထားကြရမှာဖြစ်ပါကြောင်း၊ စာတတ်ရုံ၊ အသိပညာ ပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝပြီး ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ/ ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာ၊ အဆင့်မြင့်ပညာကျောင်းများတွင် စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာပေဗိမာန်စာပေဆုရှင် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “ရသစာပေ ဖတ်စေချင်” စသည့်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၏ ဇနီး နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်သီတာဇင်က စာပေဗိမာန်စာပေဆုရှင် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။  

အခမ်းအနားအပြီးတွင် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအခြေအနေများ၊ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် ကျောင်းသား ကျောင်းသူများ ကာယစွမ်းရည်၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် အဆိုပါ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲအသီးသီးမှ ဆုရရှိသူများကို မွန်းလွဲပိုင်းတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ရာ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ရေလှောင်တမံ၌ကျင်းပသည့် နေပြည်တော်မီးသတ်ဦးစီးဌာနမှူးရုံး ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ် နယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များအား ရေပြင်အသက်ကယ် ရှာဖွေရေးစွမ်းရည်များ ကျွမ်းကျင်မှုရှိလာစေရန်နှင့် စက်လှေမောင်းကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးနှင့် စက်လှေမောင်းသင်တန်းဆင်းပွဲသို့ တက်ရောက်သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်အကောင်အထည်ဖော် တုံ့ပြန်ဆောင်ရွက်နိုင်ရန် လူအင်အား၊ စက်ယန္တရားများ၊ ကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်ပြင်ဆင်ထားရှိရမှာဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်နှင့်အညီ နည်းပညာလုပ်ငန်းစနစ်များ တိုးတက်လာမှုနှင့်အတူ မီးငြှိမ်းသတ်ရေးစွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ တိုးတက်မြင့်မားစေရေးအတွက် အစဉ်မပြတ် လေ့ကျင့်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးအား စက်လှေများဖြင့် ရင်ဘောင်တန်းဖြန့်အလေးပြုခြင်း၊ မြှားဦးပုံသဏ္ဍန်ဖြင့် အလေးပြုခြင်း၊ စက်လှေမောင်းစွမ်းရည်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား ၃၅ ဦးအား ဩဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ သုံးရက်ကြာ သင်းကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)