Skip to main content

ဆဋ္ဌမူပိဋကသုံးပုံ အဋ္ဌကထာ ကျမ်းစာအုပ်များ ပြန်လည်ရိုက်နှိပ်ထုတ်ဝေနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေပေးအပ်လှူဒါန်း

ရန်ကုန် သြဂုတ် ၇

ဆဋ္ဌမူပိဋကသုံးပုံ အဋ္ဌကထာကျမ်းစာအုပ်များ ပြန်လည်ရိုက်နှိပ်ထုတ်ဝေနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားနှင့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ လေးလပတ်စုံညီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသော ဆရာတော်များ ကြွရောက်တော်မူကြပြီး အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တိပိဋကလင်္ကာရစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရဘဒ္ဒန္တအဂ္ဂ သာမိထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ယင်းနောက် ဆဋ္ဌမူပိဋကသုံးပုံအဋ္ဌကထာ ကျမ်းစာအုပ်များ ပြန်လည်ရိုက်နှိပ်ထုတ်ဝေနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ လှူဒါန်းငွေကျပ် ၃၃ သိန်းနှင့် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူးက ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဘဒ္ဒန္တအဂ္ဂသာမိထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆဋ္ဌမူပိဋကသုံးပုံ အဋ္ဌကထာကျမ်းစာအုပ်များ ပြန်လည်ရိုက်နှိပ်ထုတ်ဝေနိုင်ရေးအတွက် ယနေ့စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ် ၉၅ သိန်းကျော်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်