Skip to main content

မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာကြစေရေး အားပေးကူညီ

နေပြည်တော် ဩဂုတ် ၆

မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာကြစေရေး အားပေးကူညီလျက်ရှိရာ ယမန်နေ့က ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ တောင်သူဒေါ်ဝင်းနွယ်၏ (RS-CS) ဆင်းသုခစီးပွားဖြစ် မျိုးသန့်မျိုးပွား၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာ တောင်သူ ဦးယဉ်ထွေး၏ ဆင်းသုခစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးအားပေးပြီး ဒေသခံတောင်သူများကို သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်သည်။

ဆွေးနွေးပြောကြား

ယင်းနောက် ဒုတိယဝန်ကြီးက တောင်သူများနှင့်တွေ့ဆုံ၍ အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်နိုင်ရေးနှင့် သီးနှံအထွက်နှုန်း မြင့်မားရေးအတွက်  မျိုးစေ့၏ အရေးပါမှု၊ လုပ်ကွက်ငယ်တောင်သူများ မျိုးစေ့ထုတ်လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် တိုးတက်ရရှိနိုင်မည့် ဝင်ငွေအကျိုးအမြတ်တို့ကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ သီးထပ်စွမ်းအား တိုးတက်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတွဲဖက်လုပ်ကိုင်နိုင်မှု အခွင့်အလမ်းများကို အကြံပြုဆွေးနွေးမှာကြားသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ကျိုက်လတ်မြို့နယ်ရုံးတွင် ခရိုင်နှင့် မြို့နယ်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ မိုးစပါးလျာထားချက် ပြည့်မီစေရေး၊ တောင်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် သီးထပ်သီးနှံများကို ရာသီအချိန်မီ စိုက်ပျိုးနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာသုံးစွဲသူများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်သည့် အကျိုးဖြစ်ထွန်းစေရန် စွမ်းအားကို အပြည့်အဝအသုံးချနိုင်ရေး၊ လယ်ယာလုပ်သားတစ်ဦးချင်း၏ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရေး၊ စက်ကိရိယာပြုပြင်ထိန်းသိမ်းအသုံးပြုမှု နည်းပညာပြန့်ပွားရေးအတွက် လက်တွေ့သရုပ်ပြလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ထွန်စက်များ၊ လယ်ယာသုံးစက်ကိရိယာများနှင့် ရိတ်သိမ်းခြွေလှေ့စက်များ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် အခြေခံပညာကျောင်းအုပ်ကြီးများ၊ စာကြည့်တိုက်မှူးများ၊ လူမှုရေးအသင်းအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တက္ကသိုဝင်တန်း ထူးချွန်စွာအောင်မြင်အောင် သင်ကြားပေးခဲ့ကြသည့် ဆရာမကြီးများကို ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ပြီး လူမှုရေးအသင်းအဖွဲ့များ၊ စာကြည့်တိုက်များအတွက် သုတ၊ ရသစာအုပ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ညနေပိုင်းတွင် ညောင်တုန်းမြို့နယ် ကျုံတမာအုပ်စု ပဲရုံဆိပ်ကျေးရွာရှိ ထိပ်တန်းနို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားမွေးမြူထားရှိမှု၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ နွားစာမြက်နေဗီယာ၊ အဲဗားဂရင်း၊ မွန်ဘားစားများ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ပန်းတနော်မြို့နယ် ဥတိုကျေးရွာရှိ ထူးထက်ဟန်ကုမ္ပဏီလီမိတက်၏ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အစားအစာဘေးကင်းလုံခြုံရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်