နေပြည်တော် သြဂုတ် ၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပုသိမ်မြို့နယ် ချောင်းသာမြို့ ဥတိုချောင်းအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် အချိုမှုန့် ၂၅ ကီလို ဂရမ်ပါ ၄၄ အိတ်စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ချောင်းကူးငယ်ကျေးရွာ၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ယိုးဒယားစာတန်းပါ ပဲပိစပ်ဆီ တစ်လီတာပါ ဘူး ၁၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀) ကိုလည်းကောင်း၊ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ရွှေသာရီကားဂိတ်အတွင်း၌ တရားဝင်တင်သွင်းခွင့် အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ ၄၇၁၆ ဘူးအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၁၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၁၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်စစ်သင်္ချိုင်းအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၉၅၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၉၀၄၉၄၂)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Mazda Canter တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၉၀၄၉၄၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Carabao အားဖြည့် အချိုရည်ဘူး ၈၁၆၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၁၇၁၂၁၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၃၈၆)မိုင် စဉ့်ကိုင်မြို့နယ် ဇီးခြံကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D ပုလင်း ၄၂၅၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၉၄၇၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)ကိုလည်းကောင်း၊ ပုလိပ်မြို့ Denko ဆီဆိုင်ရှေ့၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ပလတ်စတစ်သောက်ရေဘူး ၃၉၀ ကီလိုဂရမ်၊ အမျိုးသမီးဝတ်ချည်ထည် ၁၅၅၀ အပါအဝင် ကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၂၆၆၈၃၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃၃၈၅၅၄၆ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၂ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၈၃၈၀၄၈၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်