နေပြည်တော် သြဂုတ် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၉ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒိုက်ဦး - ညောင်ခါးရှည် ဗျူဟာလမ်းဘေးဝဲယာနှင့် ကောလိယ - နဂါးပေါက် ဆက်သွယ်မြောင်း၊ ခမုံမြစ်ကျိုးဖြတ်မြောင်း၊ ကျိုက်ထော် - ပလိုင်းဖြတ်မြောင်းတို့မှ ရေထုတ်နုတ်နိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဝေါမြို့နယ် ပဲခူး - စစ်တောင်းတူးမြောင်းတွင် တည်ဆောက်ထားသော အကျယ်ပေ ၃၀၊ အမြင့် ၂၂ ပေရှိ မြစ်ကျိုးရေတံခါးကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ပဲခူး - စစ်တောင်းတူးမြောင်းတာ ကျိုးပေါက်မှုမရှိစေရေးနှင့် ရေလွှမ်းရေမြုပ်မှုများ လျော့ကျသွားပါက သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး၊ အရန်မျိုးစပါးစုဆောင်းထားရှိရေး၊ ပျိုးထောင်စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်စိုက်ပျိုးရန်မြေနေရာများ ကြိုတင်တွက်ချက်ခြင်းကို ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပဲခူး၊ သနပ်ပင်နှင့် ကဝမြို့နယ်များကို ပြွန်တန်ဆာ - ဒိုက်ဦးလွင်ပြင်မှ စီးဆင်းလာသည့် ချောင်းနှင့် ကွင်းရေများ၏ ရေဘေးအန္တရာယ်နှင့် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကို ကာကွယ်ထားသည့် ပုကိုင်တာကို ကာကွယ်ထိန်းသိမ်းထားရှိမှု၊ ရေကင်းများတာဝန်ချထားမှု၊ အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းမှု၊ စက်ယန္တရားများ အလွယ်တကူရွေ့ပြောင်းနိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာတမံတောင့်တင်းခိုင်မာရေးအတွက် ဆောင်ရွက်ရန်လိုအပ်မည့် လုပ်ငန်းများနှင့် မိုးရာသီကာလပြီးဆုံးပါက ပဲခူးရိုးမအရှေ့ဘက်ခြမ်းရှိ ဘိုင်းဒါးနှင့် ကောလိယတမံများမှ ပိုလျှံရေများကို ပုကိုင်တာရေသွင်းတံခါးမှတစ်ဆင့် ပဲခူး-စစ်တောင်း တူးမြောင်းအတွင်းသို့ စိုက်ပျိုးရေပေးသွင်းရန်ကိစ္စရပ်များ၊ ပုကိုင်တာရေရှည်ကြံ့ခိုင်ရေးနှင့် တာတမံများ ကြံ့ခိုင်ရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနများနှင့် ရပ်ကွက်ကျေးရွာများမှ အစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ပုကိုင်တာသည် အလျား ၁၇/၄ မိုင် ရှည်လျားပြီး တာထိပ်အမြင့် ပျမ်းမျှ ၁၂ ပေ နှင့် ထိပ်မျက်နှာပြင် အကျယ်ပျမ်းမျှ ၁၀ ပေရှိကာ စစ်တောင်းမြစ်ရေနှင့် ပြွန်တန်ဆာလွင်ပြင်မှ စီးဝင်မြင့်တက်လာသည့်ရေများကို ကာကွယ်ဧရိယာအတွင်း ဝင်ရောက်ခြင်းမရှိစေရန် ကာရံတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်