နေပြည်တော် ဩဂုတ် ၆
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေများ ကြီးမြင့်လာပြီး ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ရေကြီးနစ်မြုပ်ခဲ့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အချို့ဒေသများတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခုကဲ့သို့သဘာဝဘေးကြောင့် ရေကြီး နစ်မြုပ်ဧရိယာများတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ရေသန့်စင်စက်များဖြင့် ရေဖြန့်ဝေခြင်း၊ ရေသန့်ဆေးပြားများ၊ ဆေးထုပ်များ ဖြန့်ဝေခြင်း၊ ကလိုရင်းဆေးခတ်ခြင်း စသည့်လုပ်ငန်းများအပြင် ကော်မတီဝင်အခြားဌာနများကလည်း သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေသည် တွေ့ရပါကြောင်း။
ထို့ပြင် အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် သီးနှံမျိုးစေ့များနှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်မှု၊ မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်ရောဂါကာကွယ်ဆေးဝါး၊ တိရစ္ဆာန်အစာထောက်ပံ့ပေးနိုင်မှု၊ ငါး၊ ပုစွန်သားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးမည့် အစီအစဉ်များ၊ စားရေရိက္ခာအတွက် အရန်ဆန်ထောက်ပံ့ကူညီဆောင်ရွက်ပေးနိုင်မှု၊ ကူညီကယ်ဆယ်ထောက်ပံ့ပေးခဲ့မှု အခြေအနေများနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းများနှင့် ပတ်သက်၍ ရေတို၊ ရေရှည်ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ကော်မတီဝင်များအနေဖြင့် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ကော်မတီဝင်ဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဌာနအလိုက် လက်ရှိဘဏ္ဍာရေးနှစ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထားနိုင်မှု၊ ရေရှားပါးကျေးရွာများအတွက် ရေဖြန့်ဝေပေးနိုင်မှု၊ လတ်တလောဖြစ်ပေါ်နေသည့် ရေကြီးနစ်မြုပ် ဒေသများတွင် ဆောင်ရွက်ပေးနေမှု၊ ရေကြီးနစ်မြုပ်ဒေသများတွင် ထိခိုက်ပျက်စီးမှု ကွင်းဆင်းစစ်ဆေးဆောင်ရွက်ထားမှု၊ အရန်မျိုးစပါး စုဆောင်းထားရှိမှု၊ ကြိုတင်ပျိုးထောင်ထားရှိမှု၊ အစားထိုးသီးနှံစိုက်ပျိုးရန် လျာထားမှု၊ တိရစ္ဆာန်ကာကွယ်ဆေးထိုးမည့် အစီအစဉ်များ၊ ပညာပေးဆောင်ရွက်ရန် စီစဉ်ထားရှိမှုများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပျက်စီးသွားသော လယ်မြေများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့်မျိုးနှင့် သွင်းအားစုများ ပံ့ပိုးနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီးလုပ်ငန်းများ ပြန်လည်သုံးသပ်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်