Skip to main content

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်သောလုပ်ရပ်များနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်

နေပြည်တော် ဩဂုတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံအား ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်၍ အချို့လူနာများအား အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လူမဆန်သော ရက်စက်ယုတ်မာသည့် လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် မြို့တော်ခန်းမရှေ့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့ရှိ ဗန္ဓုလကျောက်တိုင်ကားရပ်နားကွင်း၌လည်းကောင်း ကျင်းပပြုလုပ်ကြသည်။

ဦးစွာ ရှုတ်ချပွဲတက်ရောက်လာသည့် ရဟန်းပြည်သူပရိသတ်အပေါင်းတို့က “ပြည်ဖျက်မိစ္ဆာအကြမ်းဖက်အဖွဲ့များကို အမြစ်ဖြတ်ချေမှုန်းပေးပါ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒေသခံပြည်သူအတိဒုက္ခရောက်အောင် လုပ်ဆောင်နေသော MNDAA၊ TNLA၊ AA ၊ PDFအကြမ်းဖက်အဖွဲ့များအား ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးပါ၊ အပြစ်မဲ့အရပ်သား ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော လူမဆန်သည့်လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်၊ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ခန္ဓာစွန့်၍ တိုက်ပွဲဝင်နေသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဦးညွှတ်ဂုဏ်ပြုပါသည်၊ A righteous War Must be Won Eradicate all Subversives” စသည့် ဗီနိုင်းများ ကိုင်ဆောင်၍ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြသည်။

ထို့နောက် နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းကို စုပေါင်းသီဆိုကြသည်။

ဆက်လက်၍ အကြမ်းဖက်လုပ်ရပ်များကို မလိုလားသူများကိုယ်စား တာဝန်ရှိသူများကအပြစ်မဲ့ ပြည်သူများအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လူမဆန်သောလုပ်ရပ်များအား ကန့်ကွက်ရှုတ်ချမှုနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ အကြမ်းဖက် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ပူးပေါင်းအဖွဲ့အစည်းများ အလိုမရှိ၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း ချက်ချင်းရပ်၊ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေရာများအား ပစ်ခတ်ခြင်း ချက်ချင်းရပ်၊ MNDAA ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများ ချက်ချင်းရပ်၊ နိုင်ငံတော်၏ ကျေးဇူး သစ္စာကိုဖောက်ဖျက်နေသည့် အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြ၊ လူ့အခွင့်အရေးများအားချိုးဖောက်နေသော အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြ၊ မြန်မာ့တပ်မတော်၏တရားသောစစ်အောင်ရမည် စသည့်ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ဇာတိမာန်သီချင်း သံပြိုင်သီဆိုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်၍ ကန့်ကွက်ရှုတ်ချခြင်းကို ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်