နေပြည်တော် သြဂုတ် ၅
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် အခြားသစ် သုည ဒသမ ၁၇၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၄၀၈) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်နှစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Pan Power Solar Inverter သုံးလုံး၊ အင်တာနက်အပိုပစ္စည်း Electronic devices- Fortinet (၁၀) အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၉၅၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာကိုးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Hollow GI Pipe ၁၃၅၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၈၄၅၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၇၉၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၃၈၆)မိုင် စဉ့်ကိုင်မြို့နယ် ဇီးခြံကျေးရွာအနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D ပုလင်း ၁၅၁၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၇၀၅၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၇၂၇၀၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရုတ်နိုင်ငံထွက် ပန်းသီး ၄၀၅ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၇၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကို လည်းကောင်း၊ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ ပုံး ၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၆၆၀၅၇၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ သြဂုတ် ၁ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅၂၄၁၉၀၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်