Skip to main content

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) တို့ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၅

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိစစ်ဆေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် အရာထမ်းများကိုတွေ့ဆုံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မူလလျာထားသည့်အတိုင်း ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ စီမံဆောင်ရွက်ထားရန်၊ သံမဏိစက်ရုံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် သွင်းကုန်အစားထိုးလုပ်ငန်း ဖြစ်ခြင်းကြောင့် နိုင်ငံတော်အတွက် အထောက်အပံ့ပြုမည့်လုပ်ငန်းများဖြစ်ရာဝန်ထမ်းများ အနေဖြင့်လည်းပေးအပ်သည့် တာဝန်များကို ဂုဏ်ယူတတ်ကြရန်နှင့် ကျရာကဏ္ဍမှအောင်မြင်အောင် အလေးထားဆောင်ရွက်ကြရန်၊ ခေတ်နှင့်အညီ သံမဏိထုတ်လုပ်မှု နည်းပညာများ ဖွံ့ဖြိုးတိုးတက်အောင် အစဉ်အမြဲလေ့လာဆည်းပူးဆောင်ရွက်ကြရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကိုလည်း မှတ်တမ်းနှင့် တကွစနစ်တကျစီမံဆောင်ရွက်ရန် မှာကြားသည်။

ဒုတိယဝန်ကြီးသည် ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိအမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ရောက်ရှိပြီး သင်တန်းကျောင်း ရှိ ဆရာ ဆရာမများအနေဖြင့် သင်တန်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်၊ ဆရာဆရာမဖြစ်သည်နှင့်လျော်ညီစွာ သင်တန်းကျောင်း၏ စံနမူနာပြဖြစ်အောင် ပြုမူနေထိုင်ကြရန်၊ အထည်ချုပ်သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများကိုလည်း စနစ်တကျထိန်းသိမ်းထားရှိရန်၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ရာ လွှဲပြောင်းလက်ခံရေး အခမ်းအနားအတွက် အသေးစိတ်စီမံချက်များ ကြိုတင်ရေးဆွဲပြင်ဆင်ထားရန် မှာကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် လားရှိုးခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနမှ ဝန်ထမ်းများကိုတွေ့ဆုံ၍ အားပေးစကားမှာကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အထည်ချုပ်သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ အထည်ချုပ်သင်တန်းခန်းမ ပြင်ဆင်ထားရှိမှု၊ သင်တန်းသားစားရိပ်သာနှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပမည့် အလုပ်ရုံတို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်