နေပြည်တော် ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ အခြားချေးငွေလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့်ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ စနစ်တကျ အောင်မြင်စွာလည်ပတ်နိုင်ရေး၊ လုပ်ငန်းများအောင်မြင်စေရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်စေရေးတို့ကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကြပ်မတ်ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရေး၊ ချေးငွေထုတ်ချေးမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်