Skip to main content

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ ပဉ္စမအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၅

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ ပဉ္စမအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌနှင့် အသင်းအမှုဆောင်များ၊ အသင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်သာမက နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ရာ၌ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေးနှင့် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုစွမ်းအား မြှင့်တင်ရေးသည် အရေးကြီးသောကဏ္ဍက ပါဝင်နေပါကြောင်း၊ မြန်မာနိုင်ငံဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံစေရေးနှင့်ဆီစက်များ အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကြီးကဦးဆောင်၍ အသင်းဝင်ဆီစက်ပိုင်ရှင်များက ဆီထွက်သီးနှံကုန်ကြမ်းများ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ခြင်း နည်းလမ်း (Corporate Farming) အပြင် တောင်သူများနှင့် အကျိုးတူလယ်ယာစနစ် (Contract Farming) နည်းလမ်းများဖြင့် ဆီထွက်သီးနှံကုန်ကြမ်းများကို မိမိတို့လိုအပ်သည့် အရည်အသွေးနှင့်အရေအတွက်ရရှိစေရန် စိုက်ပျိုးခြင်းနည်းလမ်းကိုလည်း ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ပါက မြန်မာ့စားသုံးဆီ Value Chain တစ်လျှောက် ပိုမိုခိုင်မာအားကောင်းလာစေမည့်အပြင် နိုင်ငံတော်အတွက်လည်း ရေရှည်အကျိုး ကျယ်ပြန့်စွာဆောင်ရွက်နိုင်မည်ဖြစ်၍ ဆိုင်ရာကဏ္ဍများက ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစားအစာဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ် ရှိ MICT Park ခန်းမတွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်ထုတ်လုပ်ငန်းများအားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍ နိုင်ငံတော်၏အသားထုတ်လုပ်မှုကဏ္ဍ တန်ဖိုးတိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ် များစွာတည်မှီနေမှု၊ ဌာနနှင့်ပုဂ္ဂလိကများအကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေးထွက်ကုန်များ ပြည်တွင်း စားသုံးမှုဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနပိုင် အုပ်ကျင်းလျှော်ရွေး လျှော်ထုတ်စက်ရုံကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ကျော်ထက်ကျော်ကုမ္ပဏီ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးသွင်းအားစုများ သိုလှောင်ဖြန့်ဖြူး လုပ်ငန်းအတွက် ငှားရမ်းလုပ်ကိုင်နေသည့် မာလာမြိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် တို့ကိုလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန (၉) မိုင် စက်မှုလယ်ယာအလုပ်ရုံအား လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးအတွက် ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Young Investment Group ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းစာချုပ်ပါအချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။                          

သတင်းစဉ်